close

ဆိုးရွားပြင်းထန်

close

October 30, 2022

နယူးဒေလီတွင် လေထုညစ်ညမ်းမှု ဆိုးရွားပြင်းထန်

အိန္ဒိယမြို့တော်၊ နယူးဒေလီမှာ အောက်တိုဘာ ၂၉ ရက်က လေအရည်အသွေးညွှန်းကိန်းဟာ ပြင်းထန်တဲ့အဆင့် အမျိုးအစားထဲကို ကျရောက်သွားတာကြောင့် မီးခိုးမြူထူတွေ သိပ်သည်း နေပြီး ဆိုက်ကားဆွဲသူတွေနဲ့ စျေးသည်တွေဟာ စားဝတ်နေရေးလည်ပတ်အောင် ရုန်းကန်နေရပါတယ်။ 

စျေးသည်တွေနဲ့ ဆောက်လုပ်ရေးလုပ်သားတွေလို နေ့စားအလုပ်သမားတွေဟာလည်း နေ့တွက် ကိုက်ဖို့နဲ့ အိမ်ပြင်ထွက် အလုပ်လုပ်ရာမှာ ခက်ခဲစေတဲ့ ဖုန်မှုန့်တွေနဲ့ မီးခိုးမြူတွေအပြင် စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်နေရတာပါ။ 

မကြာသေးခင်ကပဲ ဟိန္ဒူမီးထွန်းပွဲတော်ဖြစ်တဲ့ 'ဒီဝါလီ' ပွဲတော်မှာ ပြည်ထောင်စုနယ်မြေတဝန်း မီးဗြောက်အိုးတွေ ပစ်ဖောက်တာကို အစိုးရက တားမြစ်ပိတ်ပင်ထားပေမယ့် မြို့တော်မှာတော့ ညဘက် ကောင်းကင်မှာ မီးရှူးမီးပန်းတွေ ပစ်လွှတ်ခဲ့ပါတယ်။ 

မီးရှူးမီးပန်းတွေကနေ ထုတ်လွှတ်တဲ့ မီးခိုးတွေဟာ နယူးဒေလီနဲ့ အနီးတဝိုက်မှာ လယ်သမား တွေရဲ့ အမှိုက်မီးရှို့တာတွေနဲ့အတူ မော်တော်ယာဉ် အခိုးအငွေ့တွေ ရောနှောပေါင်းစည်းပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လေထုညစ်ညမ်းမှုအဆင့်ကို မြင့်တက်စေခဲ့ပါတယ်။ 

ဖုန်မှုန့်နဲ့ မီးခိုးအမှုန်အမွှားတွေဟာ မြို့ကို အုပ်မိုး ပိတ်လှောင်ထားသလို အနေအထားလည်း ဖြစ်နေပြီးတော့ ဒေလီရဲ့ လေထုညစ်ညမ်းမှုကြောင့် အောက်ခြေလေတိုက်နှုန်းလည်း နည်းပါး နေတာပါ။ 

ဖုန်မှုန့်တွေ ကပ်နေတဲ့ လေအေးတွေ၊ မော်တော်ယာဉ်တွေက စွန့်ထုတ်ဓာတ်ငွေ့တွေနဲ့ ပန်ဂျပ်နဲ့ ဟာယနာပြည်နယ်တို့က သီးနှံအမှိုက်တွေ မီးရှို့ရာကနေ ထွက်လာတဲ့ မီးခိုးတွေကြောင့် ဒေလီရှိ လေထုညစ်ညမ်းမှုဟာ ဒီဇင်ဘာလလယ်မှ ဖေဖော်ဝါရီလအထိ အထူးဆိုးရွားလာတာ ဖြစ်ပါတယ်။ 

7 mins Ago

November 4, 2019

အိန္ဒိယ လေထုအရည်အသွေး ဆိုးရွားပြင်းထန်၊ အရေးပေါ်အခြေအနေ ကြေညာ

အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ မီးခိုးရောင် မီးခိုးမြူထူတွေ ရစ်သိုင်းနေပြီး လေထုအရည်အသွေး ညွှန်းကိန်းက နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ၄၄၇ ထိ ရောက်ခဲ့ပါတယ်။ ဒေလီမြို့အတွင်း အဆိုးဆုံးအချိန်မှာ လေထုအရည်အသွေး ညွှန်းကိန်းအမှတ် ၄၈၆ ထိ ရောက်ခဲ့ပါတယ်။ လေထုအရည်အသွေးက ဆိုးရွားပြင်းထန်တဲ့ အခြေအနေမှာ ဆက်ရှိနေလို့ တရားရုံးချုပ်က အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေ ရောက်နေပြီလို့ နိုဝင်ဘာ ၁ ရက်နေ့က ကြေညာလိုက်ရပါတယ်။ ဒေလီမြို့ပေါ်က ကျောင်းအားလုံးကိုလည်း ၃ ရက် ပိတ်လိုက်ပါတယ်။ ဒေပါဝလီပွဲတော်ကို သောကြာနေ့က ကျင်းပပြီးချိန်ကစပြီး မြို့တွင်း လေထုအခြေအနေက ပိုယိုယွင်းလာခဲ့တာပါ။ မီးခိုးမြူထူတွေကြောင့် မြင်နိုင်စွမ်းလည်း ကျဆင်းနေလို့ ဒေလီလေဆိပ်မှာ နိုဝင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းက လေကြောင်းခရီးစဉ်တချို့ ပယ်ဖျက်၊ တချို့ လမ်းကြောင်းလွှဲပြီး တချို့ကိုတော့ နှောင့်နှေးထားခဲ့ရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း အားလုံးကိုလည်း နိုဝင်ဘာ ၅ ရက်ထိ ရပ်ထားဖို့ တားမြစ် ပိတ်ပင်လိုက်ပါတယ်။ နယူးဒေလီ မြို့စွန်က လယ်သမားတွေက အောက်တိုဘာမှာ ရိတ်သိမ်းပြီးတဲ့ စပါးခင်းတွေကို မီးရှို့ပြီး မြေရှင်းနေလို့ ကောင်းကင်မှာ မီးခိုးတွေ ထူထပ်သိပ်သည်းနေတာပါ။ နှစ်စဉ် လယ်ကွင်းတွေက ရိုးပြတ်ရှို့မီးတွေကြောင့် နဂိုကတည်းက ယာဉ်ကြောပိတ်ဆို့မှုနဲ့ စက်မှုလုပ်ငန်းတွေက ထွက်တဲ့ မီးခိုးကြောင့် လေထုညစ်ညမ်းနေတဲ့ နယူးဒေလီမြို့ဟာ ကမ္ဘာ့ လေထုညစ်ညမ်းဆုံး မြို့တော် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဒေလီမြို့ အာဏာပိုင်တွေက လူ သန်း ၂၀ နေတဲ့ မြို့တော်တွင်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အစီအစဉ်ကို တိုးတက်အောင်လုပ်ပြီး ကားသုံးစွဲမှု လျှော့ချဖို့ ကြိုးစားနေပါတယ်။ လယ်သမားတွေက ရိုးပြတ်တွေကို မီးမရှို့အောင် ကောက်ရိုးဆွေးအောင် လုပ်တဲ့စက်ကို ၈၀ ရာခိုင်နှုန်းအထိ ဈေးချရောင်းဖို့ ကမ်းလှမ်းခဲ့ပေမယ့် လယ်သမား နည်းနည်းကသာ စက်တွေကို သုံးတယ်လို့ ပြောပါတယ်။
3 years Ago
Up