နယူးဒေလီတွင် လေထုညစ်ညမ်းမှု ဆိုးရွားပြင်းထန်

အိန္ဒိယမြို့တော်၊ နယူးဒေလီမှာ အောက်တိုဘာ ၂၉ ရက်က လေအရည်အသွေးညွှန်းကိန်းဟာ ပြင်းထန်တဲ့အဆင့် အမျိုးအစားထဲကို ကျရောက်သွားတာကြောင့် မီးခိုးမြူထူတွေ သိပ်သည်း နေပြီး ဆိုက်ကားဆွဲသူတွေနဲ့ စျေးသည်တွေဟာ စားဝတ်နေရေးလည်ပတ်အောင် ရုန်းကန်နေရပါတယ်။
စျေးသည်တွေနဲ့ ဆောက်လုပ်ရေးလုပ်သားတွေလို နေ့စားအလုပ်သမားတွေဟာလည်း နေ့တွက် ကိုက်ဖို့နဲ့ အိမ်ပြင်ထွက် အလုပ်လုပ်ရာမှာ ခက်ခဲစေတဲ့ ဖုန်မှုန့်တွေနဲ့ မီးခိုးမြူတွေအပြင် စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်နေရတာပါ။
မကြာသေးခင်ကပဲ ဟိန္ဒူမီးထွန်းပွဲတော်ဖြစ်တဲ့ 'ဒီဝါလီ' ပွဲတော်မှာ ပြည်ထောင်စုနယ်မြေတဝန်း မီးဗြောက်အိုးတွေ ပစ်ဖောက်တာကို အစိုးရက တားမြစ်ပိတ်ပင်ထားပေမယ့် မြို့တော်မှာတော့ ညဘက် ကောင်းကင်မှာ မီးရှူးမီးပန်းတွေ ပစ်လွှတ်ခဲ့ပါတယ်။
မီးရှူးမီးပန်းတွေကနေ ထုတ်လွှတ်တဲ့ မီးခိုးတွေဟာ နယူးဒေလီနဲ့ အနီးတဝိုက်မှာ လယ်သမား တွေရဲ့ အမှိုက်မီးရှို့တာတွေနဲ့အတူ မော်တော်ယာဉ် အခိုးအငွေ့တွေ ရောနှောပေါင်းစည်းပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လေထုညစ်ညမ်းမှုအဆင့်ကို မြင့်တက်စေခဲ့ပါတယ်။
ဖုန်မှုန့်နဲ့ မီးခိုးအမှုန်အမွှားတွေဟာ မြို့ကို အုပ်မိုး ပိတ်လှောင်ထားသလို အနေအထားလည်း ဖြစ်နေပြီးတော့ ဒေလီရဲ့ လေထုညစ်ညမ်းမှုကြောင့် အောက်ခြေလေတိုက်နှုန်းလည်း နည်းပါး နေတာပါ။
ဖုန်မှုန့်တွေ ကပ်နေတဲ့ လေအေးတွေ၊ မော်တော်ယာဉ်တွေက စွန့်ထုတ်ဓာတ်ငွေ့တွေနဲ့ ပန်ဂျပ်နဲ့ ဟာယနာပြည်နယ်တို့က သီးနှံအမှိုက်တွေ မီးရှို့ရာကနေ ထွက်လာတဲ့ မီးခိုးတွေကြောင့် ဒေလီရှိ လေထုညစ်ညမ်းမှုဟာ ဒီဇင်ဘာလလယ်မှ ဖေဖော်ဝါရီလအထိ အထူးဆိုးရွားလာတာ ဖြစ်ပါတယ်။