အမေရိကန်နဲ့ ဂျပန်ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်နိုင်ငံအပေါ် ဆီမီးကွန်ဒတ်တာနဲ့ဆက်နွှယ်တဲ့ ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ပြည်ထောင်စုကို ပို့ကုန်ထိန်းချုပ်မှု အလွဲသုံးစားလုပ်တယ်ဆိုပြီး ဇန်နဝါရီ ၂၀ ရက်မှာ ရှုတ်ချလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်က “ဒီလုပ်ရပ်တွေဟာ စျေးကွက်စည်းမျဉ်းတွေနဲ့ နိုင်ငံတကာစီးပွားရေးနဲ့ ကုန်သွယ်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းတွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ထိခိုက်စေရုံသာမက ကမ္ဘာ့စက်မှုကွင်းဆက်နဲ့ ထောက်ပံ့ရေးကွင်းဆက်ရဲ့ တည်ငြိမ်မှုကိုလည်း ထိခိုက်စေကြောင်း” ဒီနေ့ ဘေဂျင်းမှာကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
အမေရိကန်ဘက်က ပို့ကုန်ထိန်းချုပ်မှုတွေကို အလွဲသုံးစားလုပ်ဖို့ သူ့ရဲ့ နိုင်ငံဩဇာအာဏာကို အကြိမ်ကြိမ် အသုံးချခဲ့ကြောင်းနဲ့ အမေရိကန်ဟာ သူ့ကိုယ်ကျိုးစီးပွားကို ထိန်းထားဖို့အတွက် သိပ္ပံနဲ့နည်းပညာ၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံရေးအသွင် ဆောင်ပြီးတော့ လက်နက်လို အသုံးချနေတယ်လို့လည်း တရုတ်က ပြောပါတယ်။
ဝါရှင်တန်မှာ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခိရှိဒနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ကြား ဆွေးနွေးပွဲဟာ အလွန်အကျိုးရှိခဲ့ကြောင်း အမေရိကန်အရာရှိတဦးက ဇန်နဝါရီ ၁၇ ရက်မှာ ပြောခဲ့ပါတယ်။
ဘိုင်ဒင်အစိုးရဟာ အောက်တိုဘာလမှာ အမေရိကန် ချစ်ပ်ထုတ်လုပ်ရေးနည်းပညာကို တရုတ်တွေမရအောင် တင်းတင်းကျပ်ကျပ် ကန့်သတ်မှုတွေ အပါအဝင် ပို့ကုန်ထိန်းချုပ်မှုတွေကို အစုံအလင် ထုတ်ပြန်ခဲ့ပါတယ်။
ပေကျင်းရဲ့ နည်းပညာပိုင်းနဲ့ စစ်ရေးတိုးတက်မှုပိုင်းကို နှေးကွေးစေအောင် ကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဒီဇင်ဘာ ၆ ရက်က ထိုင်ဝမ် ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရေးကုမ္ပဏီ TSMC ရဲ့ တစိတ်တပိုင်း လျှပ်ကူးပစ္စည်းစက်ရုံသစ်ကို အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ သွားရောက်ကြည့်ရှုခဲ့ပြီး ပြည်နယ်အတွင်း ကုမ္ပဏီရဲ့ အဓိကရင်းနှီးမြှုပ်နှံမှုကို ချီးကျူးခဲ့ပါတယ်။
ဘိုင်ဒန်နဲ့ TSMC ဖောက်သည်တွေရဲ့ အမှုဆောင်အရာရှိချုပ်တွေ အပါအဝင် တခြားသူတွေလည်း ဖီးနစ်မြို့မြောက်ဘက်က ဒေါ်လာ ၁၂ ဘီလီယံတန် စက်ရုံသစ်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
သူ့ရဲ့ ကနဦး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၀ ဘီလီယံရဲ့ သုံးဆကျော်ရှိတဲ့ ပြည်နယ်တွင်းမှာ ဒုတိယမြောက် ချစ်ပ်စက်ရုံ တည်ဆောက်ဖို့ TSMC ရဲ့ အစီအစဉ်တွေကို ဘိုင်ဒင်က သူ့မိန့်ခွန်းအတွင်း ဂုဏ်ပြုခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး ချစ်ပ်ကန်ထရိုက်ထုတ်လုပ်သူ TSMC ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်သမိုင်းမှာ အကြီးဆုံးတခု ဖြစ်ပါတယ်။
ပထမဆုံး ချစ်ပ်ထုတ်လုပ်ရေးစက်ရုံ Fab ကို ၂၀၂၄ ခုနှစ်မှာ လည်ပတ်နိုင်မှာဖြစ်ပြီး အနီးနားမှာရှိမယ့် ဒုတိယစက်ရုံကတော့ ၂၀၂၆ ခုနှစ်မှာ “3 nanometer” လို့ခေါ်တဲ့ လက်ရှိထုတ်လုပ်နေတဲ့ အဆင့်မြင့်ချစ်ပ်တွေကို ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။
ဒီစက်ရုံနှစ်ခုဟာ လစာမြင့်နည်းပညာဆိုင်ရာ အလုပ်အကိုင်ပေါင်း ၁၃,၀၀၀ ကို ဖန်တီးပေးမှာဖြစ်ပြီး TSMC လက်အောက်မှာ အလုပ်နေရာ ၄,၅၀၀ နဲ့ ကျန်တဲ့ အလုပ်နေရာတွေကိုတော့ ဖြန့်ဖြူးသူတွေက ဖြည့်ဆည်းပေးမယ်လို့ TSMC အမှုဆောင်အရာရှိတွေက ပြောပါတယ်။
Apple နိုင်ငံတကာ ကော်ပိုရေးရှင်း၊ အန်ဗီဒီယာ ကော်ပိုရေးရှင်းနဲ့ Advanced Micro Devices နိုင်ငံတကာကော်ပိုရေးရှင်းတို့က အဓိက TSMC သုံးစွဲသူတွေအားလုံးက သူတို့ရဲ့ချစ်ပ်တွေကို အရီဇိုးနား စက်ရုံသစ်တွေမှာ လုပ်ဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။
Apple ကုမ္ပဏီဟာ အနာဂတ်မှာ TSMC နဲ့ လုပ်ငန်းတွေတိုးချဲ့ဖို့ မျှော်လင့်ထားတယ်လို့ Apple ရဲ့ CEO တင်မ်ကွတ်ခ်က အခမ်းအနားမှာ ပြောခဲ့ပါတယ်။