close

ဆီးရီးယားမြောက်ပိုင်း

close

July 3, 2022

ဆီးရီးယားမြောက်ပိုင်းကိစ္စ နိုင်ငံရေးအရအဖြေရှာနေဟု အီရန် အစိုးရပြော

ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို ကျူးကျော်ဝင်ရောက်ခြင်းကနေ ကာကွယ်ဖို့ အီရန်အစိုးရဟာ နိုင်ငံရေးအရ အဖြေရှာနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီ အဗ္ဗဒူလာဟိန်က ဇူလိုင် ၂ ရက်မှာ ပြောလိုက်ပါတယ်။

ဆီးရီးယားမြို့တော် ဒမတ်စကတ်ကို သွားလည်ပတ်ချိန်မှာ ပြောခဲ့တာပါ။

“နိုင်ငံရေးအရ ဖြေရှင်းချက်တခု ကမ်းလှမ်းဖို့ ကျနော်တို့ အဆင်သင့်ဖြစ်နေပါပြီ” လို့  အမီ အဗ္ဗဒူလာဟိန်က ဆီးရီးယားသမ္မတနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“စစ်ရေး စစ်ဆင်ရေး မဖြစ်အောင် ကျနော်တို့ အစွမ်းကုန် ကြိုးပမ်းသွားမှာပါ” လို့ သူက ပြောပါတယ်။

သံတမန် နည်းလမ်းအရ ဖြေရှင်းချက်တွေနဲ့ ပတ်သက်ပြီး တူရကီ အရာရှိတွေနဲ့လည်း ဆွေးနွေးပြီးပြီလို့ ဆိုပါတယ်။

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဖှိုင်ဆယ်အယ်လ် မော့ဒက်ဒ်က ဆီးရီးယားအစိုးဟာ အီရန်ရဲ့ ကြိုးပမ်းမှုတွေကို ကြိုဆိုတယ်လို့ ပြောခဲ့ပါတယ်။ 

အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ ကာ့ဒ်ခေါင်းဆောင်တဲ့ တိုက်ခိုက်ရေးသမားတွေ ကို ဖယ်ရှားဖို့ ဆီးရီးယားမြောက်ပိုင်းနယ်မြေတွေကို ထိုးစစ်အသစ်ဆင်ရေး တူရကီအစိုးရက ကတိပြုထားပေမယ့် ဆီးရီးယားနဲ့ မဟာမိတ် ရုရှားတို့နဲ့လည်း တူရကီအစိုးရက  ညှိနှိုင်းထား ပါတယ်။

တူရကီဟာ ၂၀၁၆ နောက်ပိုင်းမှာ ဆီးရီးယားမြောက်ပိုင်းကို ၃ ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့တာကြောင့် သူ့ရဲ့  အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးကို ချိုးဖောက်တယ်လို့ ဆီးရီးယားအစိုးရက ဖော်ပြခဲ့ပါတယ်။

တူရကီက ထပ်မကျူးကျော်ဖို့ ဆီးရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးထားပြီး စစ်ဆင်ရေးကို စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်မယ်လို့လည်း ပြောခဲ့ပါတယ်။

အီရန်ဟာ ပြီးခဲ့တဲ့ ၁၁ နှစ်ကြာ ပဋိပက္ခ တလျှောက်လုံး ဆီးရီးယားရဲ့ ခိုင်မာတဲ့ မဟာမိတ်ဖြစ်ခဲ့ပြီး စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အထောက်အပံ့တွေ ပေးခဲ့ပါတယ်။ 

1 hour Ago

February 4, 2022

အမေရိကန်၏ ဆီးရီးယားမြောက်ပိုင်း စစ်ဆင်ရေး IS ခေါင်းဆောင် သေဆုံး

ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက်မှာ အမေရိကန်အထူးတပ်ဖွဲ့တွေက အကြမ်းဖက်မှု တိုက်ဖျက်ရေး မစ်ရှင်တခုကို  မနေ့က အောင်မြင်စွာလုပ်နိုင်ခဲ့ပြီး IS အုပ်စု ဂျီဟတ်ခေါင်းဆောင်  သေဆုံးခဲ့တယ်လို့  သမ္မတဂျိုးဘိုင်ဒင်နဲ့ ပင်တဂွန်စစ်ဌာနက အတည်ပြုပြောဆိုခဲ့ပါတယ်။

ရဟတ်ယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ဖြစ်ခဲ့တာကြောင့် ၁၂ ဦးလောက် သေဆုံးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ အသက် ၄၅ နှစ်ရှိ ‘အဘူ အီဘရာဟင် အယ်လ် ဟာရှမီ အယ်လ် ကူရာရှီ’ ဟာ IS အဖွဲ့ စတင်တည်ထောင်သူ ‘အဘူ ဘာကာ  အယ်လ် ဘာဒါဒီ’ ၂၀၁၉ ခုနှစ်မှာ သေဆုံးပြီးနောက် IS အဖွဲ့ကို ဆက်ဦးဆောင်နေသူပါ။ 

အီရတ်မြေက်ပိုင်းရှိ ယာဇီဒစ်မျိုးနွယ်စုတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့မှုမှာ အဓိကကျသူဖြစ်ပြီး အာဖရိကမှ အာဖဂန်နစ္စတန်အထိ IS အဖွဲ့ခွဲကွန်ရက်ကို ကြီးကြပ်ကွပ်ကဲနေသူပါ။

အခု အမေရိကန်ကွန်မန်ဒိုတွေ ချည်းကပ်လာစဉ် အယ်လ် ကူရာရှီက  သူ့ကိုယ်သူ ဗုံးဖောက်ခွဲ သေဆုံးခဲ့ပြီး အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် မိသားစုကိုပါ သတ်ဖြတ်ခဲ့တယ်လို့ ပင်တဂွန်က ထုတ်ပြန်ပါတယ်။

IS ခေါင်းဆောင်က မိသားစုနဲ့ ကလေးတွေကိုပါ ဗုံးဖောက်ခွဲလုပ်ကြံသွားတာ သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ သမ္မတဘိုင်ဒင်က ရှုတ်ချပြောဆိုပါတယ်။

5 months Ago
Up