ဆီးရီးယားပြဿနာကို နိုင်ငံရေးအရ အဖြေရှာကြဖို့ အာရပ်နိုင်ငံတွေက တောင်းဆိုလိုက်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ ဂျဒ်ဒါမြို့မှာ စနေနေ့က ကျင်းပတဲ့ အစည်းအဝေးအပြီး ကြေညာချက် ထုတ်ပြန်ပါတယ်။
အာရပ် ၉ နိုင်ငံမှ ကိုယ်စားလှယ်တွေဟာ သောကြာနေ့က ဖွင့်လှစ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ဒေသတွင်းနဲ့ နိုင်ငံတကာ အခြေအနေတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတာပါ။
နိုင်ငံရေးအရ အဖြေရှာခြင်းသည်သာလျှင် ဆီးရီးယားပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သူတို့က အလေးပေးပြောကြားခဲ့ပါတယ်။
ဒီနည်းကသာ ဆီးရီးယား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်းနဲ့ ဆီးရီးယားအကျပ်အတည်းရဲ့ ဆိုးကျိုးတွေကို ဖယ်ရှားရေးအတွက်နဲ့ အာရပ်မိသားစုဆီကို ဆီးရီးယား ပြန်လည်ဝင်ရောက်လာစေဖို့ သေချာစေဖို့အတွက်လို့လည်း ဆိုပါတယ်။
ထုတ်ပြန်ချက်အရ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနဲ့ ဆီးရီးယားဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး စတဲ့ကိစ္စတွေမှာ နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သင့်ပြီး ဆီးရီးယားရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ဖို့ ပူးပေါင်း ကြိုးပမ်းသင့်ကြောင်းနဲ့ ဆီးရီးယားရှိ ပြည်သူ့စစ်ပြဿနာကို ဖြေရှင်းသင့်ပြီး ပြင်ပတပ်ဖွဲ့တွေက ဆီးရီးယားပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှ တားဆီးသင့်ကြောင်း ဖော်ပြထားပါတယ်။
အာရပ် ၉ နိုင်ငံမှာ အီဂျစ်၊ ဂျော်ဒန်၊ အီရတ်နဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီရဲ့ အဖွဲ့ဝင် ၆ နိုင်ငံဖြစ်တဲ့ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့ ဖြစ်ကြပါတယ်။
အစ္စရေးက ထိန်းချုပ်ထားတဲ့ နယ်မြေထဲကို ဒုံးကျည်တွေနဲ့ ညလုံးပေါက် ပစ်ခတ်တာကို တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေးဂျက်လေယာဉ်တွေဟာ ဆီးရီးယားစစ်ဘက်ပစ်မှတ်တွေကို ဧပြီ ၉ ရက်မနက်က ပစ်ခတ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ဒီသီတင်းပတ်အတွင်း နယ်စပ်ဖြတ်ကျော် အပြန်အလှန် ပစ်ခတ်ခဲ့ကြအပြီး အကြမ်းဖက်မှုတွေ ပြန်ပြီး တဟုန်းဟုန်း တောက်လောင်ခဲ့တာပါ။ နယ်စပ်ဖြတ်ကျော် ပစ်ခတ်နေကြပေမဲ့ အစ္စရေးက သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းပြင်မြင့်ဆီကို တောင်တက်ခရီး သွားနေကြတဲ့ အစ္စရေး မိသားစုတွေကတော့ သူတို့ ဘေးကင်းတယ်လို့ ခံစားရကြောင်း ပြောပါတယ်။
ဂိုလန်ကုန်းမြင့်ဆီ ဆီးရီးယားက တညအတွင်း ဒုံးကျည် ၆လုံး ပစ်ခတ်ခဲ့အပြီး အစ္စရေးတပ်တွေက ဆီးရီးယားပိုင်နက်ထဲကို ဆက်ပြီး ပစ်ခတ်နေတယ်လို့ အစ္စရေးက ပြောပါတယ်။
ဆီးရီးယား မြို့တော် ဒမတ်စကက်အနားမှာ ပေါက်ကွဲခဲ့တာတွေကို ဆီးရီးယားအစိုးရမီဒီယာက အစီရင်ခံပါတယ်။ အမြောက်တွေဒရုမ်းယာဉ်တွေနဲ့ တိုက်ခိုက်လို့ ဒုံးကျည်ပစ်စင်တွေကို ထိမှန်ခဲ့တယ်။
ဆီးရီးယားစစ်တပ်ဝင်းထဲ၊ စစ်တပ် ရေဒါစနစ်တွေနဲ့ အမြောက်တပ်စခန်းတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။
ဆီးရီးယားပိုင်နက်ထဲကနေ ဒုံးကျည်တွေနဲ့ပစ်ခတ်နေလို့ ဂိုလန်ကုန်းမြင့်ထဲက မြို့တွေနားမှာ အချက်ပေး ဥဩသံတွေ ဆူနေပါတယ်။ ထိခိုက်ပျက်စီးမှုရော အသေအပျောက်ပါ မရှိပါဘူး။
ဂျေရုဆလင်က အယ်လ်အက်ဆာဗလီမှာ လတ်တလောရက်တွေအတွင်း အစ္စရေးရဲတွေက စီးနင်းခဲ့လို့ အာရပ်ကမ္ဘာမှာ ဒေါသမီး တောက်လောင်နေချိန် အစ္စရေးနဲ့ ပါလက်စတိုင်း အုပ်စုတွေကြား တင်းမာမှုတွေ သိသိသာသာ ပိုတိုးလာချိန်မှာ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးနိုင်ငံတွင်းမှာတော့ တရားရုံးချုပ်ကို ပိုမိုထိန်းချုပ်နိုင်မယ့် ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုရဲ့ အစီအစဉ်အပေါ် ဆန့်ကျင်မှုအပါအဝင် ပြီးခဲ့တဲ့ သောကြာနေ့က တိုက်ခိုက်မှုအတွင်း သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့သူတွေအတွက် သောင်းနဲ့ချီတဲ့ပြည်သူတွေဟာ ဧပြီလ ၈ ရက်မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းက အခြေချနေထိုင်ရာ နေရာတစ်ခုအနီးမှာ ပြီးခဲ့တဲ့သောကြာနေ့က သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဗြိတိန်နိုင်ငံသူ ညီအစ်မ ၂ ဦး သေဆုံးခဲ့ရသလို အမေဖြစ်သူလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်အပြီး နာရီပိုင်း အကြာမှာပဲ တဲလ်အဗစ်မြို့က ကားနဲ့ဝင်တိုက်တဲ့ တိုက်ခိုက်မှုအတွင်း အီတလီအမျိုးသား ၁ ဦးသေဆုံးကာ နောက်ထပ်ခရီးသွား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် အစ္စရေးနိုင်ငံမှာ အခြေအနေ တင်းမာနေပါတယ်။
ဒါကြောင့် ဒီဖြစ်ရပ်တွေအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ပြည်သူတွေထဲမှာ စစ်ဘက်အရန် တပ်ဖွဲ့ဝင်တွေ၊ စီးပွားရေး ခေါင်းဆောင်တွေ၊ နည်းပညာဆိုင်ရာ အဖွဲ့ဝင်တွေနဲ့အတူ ထိပ်တန်းပညာရှင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။
နေတန်ယာဟုရဲ့ အမျိုးသားရေးနဲ့ ဘာသာရေးဆိုင်ရာ ညွှန့်ပေါင်းအဖွဲ့အပေါ် ထောက်ခံသူတွေနဲ့ လည်းရင်ဆိုင်ခဲ့ရပါတယ်။ တဲလ်အဗစ် မြို့လည်ခေါင်မှာ လွန်ခဲ့တဲ့ ၃ လတာအတွင်း ဆန္ဒပြပွဲတွေရဲ့ အမှတ်အသား ဖြစ်လာတဲ့ အစ္စရေး အလံတွေကို လူစုလူဝေးကြီးက ဝှေ့ယမ်းရင်း ဒီမိုကရေစီအပေါ် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားကြတဲ့ ဝန်ကြီးချုပ်ရဲ့ အစီအစဉ်တွေအပေါ်မှာလည်း အာခံဖီဆန်တဲ့အနေနဲ့ စုစည်းခဲ့ကြပါတယ်။
မကြာသေးမီက တိုက်ခိုက်မှုတွေမှာ သက်ရောက်မှု ရှိခဲ့သူတွေအတွက် ဆုတောင်းပေးမှုနဲ့အတူ ဒီဆန္ဒပြပွဲကို စတင်ခဲ့တာဖြစ်ပြီး လုံခြုံရေးအရ စိုးရိမ်ပူပန်ရပေမဲ့လည်း ဆန္ဒပြသူတွေအနေနဲ့ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။