ဆီးရီးယားပြဿနာကို နိုင်ငံရေးအရ အဖြေရှာရန် အာရပ်နိုင်ငံများ တောင်းဆို

ဆီးရီးယားပြဿနာကို နိုင်ငံရေးအရ အဖြေရှာကြဖို့ အာရပ်နိုင်ငံတွေက တောင်းဆိုလိုက်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ ဂျဒ်ဒါမြို့မှာ စနေနေ့က ကျင်းပတဲ့ အစည်းအဝေးအပြီး ကြေညာချက် ထုတ်ပြန်ပါတယ်။
အာရပ် ၉ နိုင်ငံမှ ကိုယ်စားလှယ်တွေဟာ သောကြာနေ့က ဖွင့်လှစ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ဒေသတွင်းနဲ့ နိုင်ငံတကာ အခြေအနေတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတာပါ။
နိုင်ငံရေးအရ အဖြေရှာခြင်းသည်သာလျှင် ဆီးရီးယားပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သူတို့က အလေးပေးပြောကြားခဲ့ပါတယ်။
ဒီနည်းကသာ ဆီးရီးယား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်းနဲ့ ဆီးရီးယားအကျပ်အတည်းရဲ့ ဆိုးကျိုးတွေကို ဖယ်ရှားရေးအတွက်နဲ့ အာရပ်မိသားစုဆီကို ဆီးရီးယား ပြန်လည်ဝင်ရောက်လာစေဖို့ သေချာစေဖို့အတွက်လို့လည်း ဆိုပါတယ်။
ထုတ်ပြန်ချက်အရ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနဲ့ ဆီးရီးယားဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး စတဲ့ကိစ္စတွေမှာ နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သင့်ပြီး ဆီးရီးယားရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ဖို့ ပူးပေါင်း ကြိုးပမ်းသင့်ကြောင်းနဲ့ ဆီးရီးယားရှိ ပြည်သူ့စစ်ပြဿနာကို ဖြေရှင်းသင့်ပြီး ပြင်ပတပ်ဖွဲ့တွေက ဆီးရီးယားပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှ တားဆီးသင့်ကြောင်း ဖော်ပြထားပါတယ်။
အာရပ် ၉ နိုင်ငံမှာ အီဂျစ်၊ ဂျော်ဒန်၊ အီရတ်နဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီရဲ့ အဖွဲ့ဝင် ၆ နိုင်ငံဖြစ်တဲ့ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့ ဖြစ်ကြပါတယ်။