close

ဆုကြေးငွေ

close

August 19, 2021

အောင်ဘာလေထီပေါက်သည့် ကံထူးရှင်များကို ဆုကြေးငွေအပြည့်ထုတ်ပေးမည်ဟု စစ်ကောင်စီ ကြေညာ

အောင်ဘာလေထီပေါက်တဲ့ ကံထူးရှင်တွေကို ဆုကြေးငွေတွေ ထုတ်ပေးရာမှာ ကန့်သတ်ချက်မထားဘဲ အပြည့်အဝ ထုတ်ပေးတော့မှာဖြစ်တယ်လို့ စစ်ကောင်စီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနက ဩဂုတ် ၁၈ ရက်ညက ကြေညာပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းမှာ အောင်ဘာလေထီထိုးသူတွေ သိသိသာသာ လျှော့နည်းကျဆင်းသွားတဲ့အတွက် ထီဆုကြေးကို ကျပ်သိန်း ၁၅၀၀၀ မှ ကျပ် သိန်း ၅၀၀၀ အထိသာပေးနိုင်တော့သလို ကံထူးရှင်တွေ ထီဆုငွေထုတ်ရာမှာလည်း တလုံးတစ်ခဲတည်း မရဘဲ ကန့်သတ်ချက်တွေနဲ့ အလီလီခွဲပြီး ထုတ်ပေးနေတာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ထီကံစမ်းသူတွေ ထီဆုငွေတွေ အဆင်ပြေစွာ ထုတ်ယူနိုင်စေဖို့  ထီဆုငွေ ကျပ်သိန်း ၅၀၀ အထိ  တစ်လုံးတစ်ခဲတည်းထုတ်ပေးနေပြီး  ကျန်ဆုငွေတွေကိုတော့ သတ်မှတ်ချက်တွေနဲ့အညီ ခွဲပြီး ထုတ်ပေးနေတယ်လို့ဆိုပါတယ်။

လာမယ့် စက်တင်ဘာ ၁ ရက်နေ့ ဖွင့်လှစ်မယ့်  အကြိမ် ၃၀ မြောက် အောင်ဘာလေ သိန်းထီဖွင့်ပွဲကစပြီး ထီဆုငွေပမာဏကို ထီလက်မှတ်ရောင်းရငွေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ခွဲဝေပေးသွားမှာဖြစ်သလို  ထီဆုငွေတွေ အားလုံးကိုလည်း ငွေထုတ်ကန့်သတ်ချက်မထားဘဲ အပြည့်အဝထုတ်ယူခွင့်ပြုသွားမယ်လို့လည်း အသိပေးကြေညာထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အများပြည်သူတွေက ထီမထိုးတာကြောင့် အာဏာသိမ်းကာလအတွင်း ၂ ကြိမ်တိုင် ထီမထွက်ခဲ့တဲ့အပြင် မေလကစလို့ ထီပြန်ဖွင့်လှစ်ရာမှာ အမြင့်ဆုံးထီဆုငွေအဖြစ်  ကျပ်သိန်း ၅၀၀၀ သာ ပေးနိုင်တော့တာဖြစ်ပါတယ်။

တရားမဝင်အာဏာသိမ်းပြီး ပြည်သူကိုသတ်ဖြတ်နှိပ်စက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုလက်ထဲ ဘဏ္ဍာငွေတွေမရောက်ရှိအောင်  ပြည်သူတွေက   တညီတညွတ်တည်း ဆန့်ကျင်တော်လှန်တဲ့ အနေနဲ့ ပြည်သူလူထုက အောင်ဘာလေထီမထိုးဘဲ နေနေကြတာဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီစဉ်ရောင်းချနေတဲ့ အောင်လံလွှင့်ချီနွေဦးထီကတော့ ဩဂုတ်လ ၁၈ ရက်မနေ့က  ထီလက်မှတ်စောင်ရေ ၅၀၀၀၀  အချိန် ၁၅ မိနစ်အတွင်း ရောင်းကုန်သွားပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကို ဩဂုတ်လ ၁၅ ရက်နေ့မှာ စတင်ရောင်းချခဲ့ရာမှာ မနေ့ကအထိ ၄ ရက်မြောက်ရှိလာချိန်မှာ အစောင်ရေ ၂ သိန်း ရောင်းကုန်ခဲ့တာဖြစ်ပါတယ်။

13 mins Ago

December 4, 2020

ကမ္ဘာ့ဆရာဆုရ အိန္ဒိယကျောင်းဆရာ ဆုကြေးငွေ ထက်ဝက်ခွဲပေး

ဒီနှစ်ရဲ့ ကမ္ဘာ့ဆရာဆုကို ရရှိခဲ့တဲ့ အိန္ဒိယကျောင်းဆရာတစ်ဦးဟာ ဆုရငွေ ဒေါ်လာ တစ်သန်းရဲ့ ထက်ဝက်ကို ပြိုင်ပွဲမှာ ဒုတိယရသူတွေကို ခွဲဝေပေးခဲ့ပါတယ်။  အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်  ပရီတီဝါဒီ ရွာလေးက အသက် ၃၂ နှစ်အရွယ် မူလတန်းကျောင်းဆရာ ရာဂျစ်ဆင်း ဒစ်ဆေးဟာ မိန်းကလေးတွေရဲ့ပညာရေး ကောင်းမွန်အောင် ကြိုးပမ်းမှုအတွက် ချီးမွမ်းခံရပါတယ်။  ဒစ်ဆေးဟာ ပညာသင်ဖို့ အခွင့်အလမ်းနည်းပါးတဲ့ မိန်းကလေးတွေကို ကျောင်းထွက်ပြီး စောစောစီးစီး အိမ်ထောင်ပြုတာထက်  ကျောင်းတက်ပြီး ရလဒ်ကောင်းတွေ ရအောင် စွမ်းဆောင်ခဲ့တဲ့အတွက် ပြိုင်ပွဲဒိုင်တွေက ချီးမွမ်းခဲ့ပါတယ်။ ရာဂျစ်ဆင်း-ဒစ်ဆေးဟာ ဆန်ကာတင်ပြိုင်ပွဲဝင် ၁၂,၀၀၀ ကျော်ထဲမှာမှ ကမ္ဘာ့အတော်ဆုံး ဆရာအဖြစ် ရွေးချယ်ခံရပေမယ့် သူဟာ  ဆုငွေရဲ့ တစ်ဝက်ဖြစ်တဲ့ ပေါင်ငွေ  ၇၅၀၀၀ ကို  ဆန်ကာတင်စာရင်းပါ တခြားကျောင်းဆရာ ၁၀ ဦးကို ခွဲဝေပေးခဲ့ပါတယ်။  ဆရာများပြိုင်ပွဲကို ပြုလုပ်တဲ့ ဗာကီဖောင်ဒေးရှင်းတည်ထောင်သူ ဆန်နီဗာကီက  အခုလို ဆုကို ဝေမျှတာက ဝေမျှခြင်း အရေးပါပုံကို ကမ္ဘာကြိးကို သင်ကြားပေးတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ ပါတယ်။  ဒါ့အပြင် ဒီဆုပေးပွဲမှာ ကိုဗစ်ကာလအတွင်းအခမဲ့ သင်္ချာကျူရှင်ဝက်ဘ်ဆိုက် တည်ထောင်ခဲ့တဲ့ ဗြိတိန် ကျောင်းဆရာ ဂျေမီဖရော့စ်ဟာလည်း အထူးကိုဗစ်သူရဲကောင်းဆုကို ရခဲ့တယ်လို့ ဘီဘီစီက ဖော်ပြပါတယ်။  
9 months Ago
Up