close

အောင်ဘာလေထီပေါက်သည့် ကံထူးရှင်များကို ဆုကြေးငွေအပြည့်ထုတ်ပေးမည်ဟု စစ်ကောင်စီ ကြေညာ

အောင်ဘာလေထီပေါက်တဲ့ ကံထူးရှင်တွေကို ဆုကြေးငွေတွေ ထုတ်ပေးရာမှာ ကန့်သတ်ချက်မထားဘဲ အပြည့်အဝ ထုတ်ပေးတော့မှာဖြစ်တယ်လို့ စစ်ကောင်စီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနက ဩဂုတ် ၁၈ ရက်ညက ကြေညာပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းမှာ အောင်ဘာလေထီထိုးသူတွေ သိသိသာသာ လျှော့နည်းကျဆင်းသွားတဲ့အတွက် ထီဆုကြေးကို ကျပ်သိန်း ၁၅၀၀၀ မှ ကျပ် သိန်း ၅၀၀၀ အထိသာပေးနိုင်တော့သလို ကံထူးရှင်တွေ ထီဆုငွေထုတ်ရာမှာလည်း တလုံးတစ်ခဲတည်း မရဘဲ ကန့်သတ်ချက်တွေနဲ့ အလီလီခွဲပြီး ထုတ်ပေးနေတာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ထီကံစမ်းသူတွေ ထီဆုငွေတွေ အဆင်ပြေစွာ ထုတ်ယူနိုင်စေဖို့  ထီဆုငွေ ကျပ်သိန်း ၅၀၀ အထိ  တစ်လုံးတစ်ခဲတည်းထုတ်ပေးနေပြီး  ကျန်ဆုငွေတွေကိုတော့ သတ်မှတ်ချက်တွေနဲ့အညီ ခွဲပြီး ထုတ်ပေးနေတယ်လို့ဆိုပါတယ်။

လာမယ့် စက်တင်ဘာ ၁ ရက်နေ့ ဖွင့်လှစ်မယ့်  အကြိမ် ၃၀ မြောက် အောင်ဘာလေ သိန်းထီဖွင့်ပွဲကစပြီး ထီဆုငွေပမာဏကို ထီလက်မှတ်ရောင်းရငွေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ခွဲဝေပေးသွားမှာဖြစ်သလို  ထီဆုငွေတွေ အားလုံးကိုလည်း ငွေထုတ်ကန့်သတ်ချက်မထားဘဲ အပြည့်အဝထုတ်ယူခွင့်ပြုသွားမယ်လို့လည်း အသိပေးကြေညာထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အများပြည်သူတွေက ထီမထိုးတာကြောင့် အာဏာသိမ်းကာလအတွင်း ၂ ကြိမ်တိုင် ထီမထွက်ခဲ့တဲ့အပြင် မေလကစလို့ ထီပြန်ဖွင့်လှစ်ရာမှာ အမြင့်ဆုံးထီဆုငွေအဖြစ်  ကျပ်သိန်း ၅၀၀၀ သာ ပေးနိုင်တော့တာဖြစ်ပါတယ်။

တရားမဝင်အာဏာသိမ်းပြီး ပြည်သူကိုသတ်ဖြတ်နှိပ်စက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုလက်ထဲ ဘဏ္ဍာငွေတွေမရောက်ရှိအောင်  ပြည်သူတွေက   တညီတညွတ်တည်း ဆန့်ကျင်တော်လှန်တဲ့ အနေနဲ့ ပြည်သူလူထုက အောင်ဘာလေထီမထိုးဘဲ နေနေကြတာဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီစဉ်ရောင်းချနေတဲ့ အောင်လံလွှင့်ချီနွေဦးထီကတော့ ဩဂုတ်လ ၁၈ ရက်မနေ့က  ထီလက်မှတ်စောင်ရေ ၅၀၀၀၀  အချိန် ၁၅ မိနစ်အတွင်း ရောင်းကုန်သွားပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကို ဩဂုတ်လ ၁၅ ရက်နေ့မှာ စတင်ရောင်းချခဲ့ရာမှာ မနေ့ကအထိ ၄ ရက်မြောက်ရှိလာချိန်မှာ အစောင်ရေ ၂ သိန်း ရောင်းကုန်ခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up