close

ဆူခိုထိုင်း

close

December 29, 2022

ထိုင်းစစ်သင်္ဘောနစ်မြုပ်မှု၌ တပ်ဖွဲ့ဝင်များအား ကယ်တင်ခဲ့သူ ဆေးမှူးအလောင်း ပြန်တွေ့

ထိုင်းပင်လယ်အော်ထဲ နစ်မြုပ်သွားတဲ့ ဆူခိုထိုင်း စစ်သင်္ဘောထဲပါသွားသူ ရေတပ်သားတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက မရပ်မနားလိုက်လံရှာဖွေနေရာမှာ ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ နောက်ထပ်ရေတပ်ဖွဲ့ဝင် ၃ ဦးရဲ့ အလောင်းတွေ ပြန်တွေ့ခဲ့ပါတယ်။ 

အဆိုပါ ၃ ဦးကို ချွန်းဖွန်းခရိုင် ငမ့်ယိုင်ကျွန်းနဲ့ ကော်စမစ်ကျွန်းအနီးမှာ တွေ့ရှိခဲ့ပြီး အလောင်းတွေကို စစ်ဆေးချက်အရ  ရေတပ်သား ၁၁ ဦးအား ကယ်တင်ခဲ့သူ ဆေးမှူး အရာခံဗိုလ်  ကူးနားကွန်း ကျရယုဒ်(ခ)မော်ချဲမ်း တယောက်လည်း အပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။ 

သူ့ရဲ့အလောင်းကို ချွန်းဖွန်းခရိုင် ပတ်နမ့်အုပ်စု ကော်စမစ်ကျွန်းစု ကမ်းခြေမှာ တွေ့ရှိကြောင်း၊ ရေတပ်ဝတ်စုံဝတ်ထားပြီး အသက်ကယ်အင်္ကျီတော့ ဝတ်မထားကြောင်း၊ နောက်ကျောမှာ ထိုးထားတဲ့ ဆေးမင်ကြောင်တွေကြောင့်ရော ဆရာဝန်က သူ့ရဲ့သွားကိုပါ စစ်ဆေးကာ အဲဒီအလောင်းဟာ ပျောက်ဆုံးနေတဲ့ မော်ချဲမ်း ဖြစ်တယ်ဆိုတာ အတည်ပြုခဲ့တယ်လို့  ထိုင်းတပ်မတော်(ရေ) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဖိချုင်း လော့ဆူစကွန်းက ဒီဇင်ဘာ ၂၈ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က ထိုင်းအနောက်ပိုင်း ပရကျူပ်ခီရီခန်ခရိုင်ရှိ ထိုင်းပင်လယ်အော်ထဲ ဆူခိုထိုင်းသင်္ဘော နစ်မြုပ်မှုမှာ မနေ့ညအထိ ရေတပ်ဖွဲ့ဝင် ၇၆ ဦး အသက်ရှင်လျက် ကူညီကယ်ဆယ်နိုင်ခဲ့ပြီး ၂၄ ဦး ကျဆုံးကာ ၅ ဦး ပျောက်ဆုံးနေဆဲပဲလို့ ဆိုပါတယ်။ 

ကျဆုံးသွားတဲ့ ရေတပ်ဖွဲ့ဝင်အားလုံးအတွက် ရေတပ်မတော်အနေနဲ့ အထူးဝမ်းနည်းကြေကွဲရကြောင်း၊ တပါးသူ လွတ်မြောက်ရေးအတွက်  အသက်ပေးကူညီသွားတဲ့ မော်ချဲမ်း အားဂုဏ်ယူစွာနဲ့ နှမြောတသဖြစ်ရကြောင်း၊ ကျန်ရှိ တပ်ဖွဲ့ဝင် ၅ ဦးကို ပြန်လည် တွေ့ရှိဖို့ အစွမ်းကုန်ဆက်လက်ရှာဖွေနေတယ်လို့ ရေတပ်ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိချိုင်းက ပြောပါတယ်။ 

မော်ချဲမ်းမှာ ရှေးဦးသူနာပြုသင်တန်း အောင်မြင်ထားတဲ့ ရေတပ်အရာရှိ တယောက်သာဖြစ်ပြီး ဆရာဝန်မဟုတ်ပေမယ့် သူဟာ လှေပေါ်က နာမကျန်းသူတွေကို ကျွမ်းကျင်စွာ ကုသပေးနိုင်လို့ အားလုံးက ဒေါက်တာချဲမ်းလို့သာ ခေါ်တယ်လို့ ဆိုပါတယ်။

လှေကြီး စတင်တိမ်းစောင်းတော့ တပ်သားအားလုံး လှေကြီးကို စွန့်လွှတ်လိုက်ဖို့ ဆုံးဖြတ်ပြီး လှေပေါ်က ခုန်ချဖို့ ပြင်ဆင်နေချိန်၊ အသက်ဘေးက လွတ်မြောက်ဖို့ ခန္ဓာကိုယ်  ပေါ့ပါးစေဖို့ ဖိနပ်တွေ ချွတ်နေကြစဉ် မော်ချဲမ်းကတော့ တပါးသူတွေ အသက်ကယ်ဖို့ လေးလံတဲ့ ဆေးအိတ်ကြီးကို သယ်ခဲ့ပါတယ်။ 

ရေထဲ ခုန်ချတဲ့နောက် ဘယ်ဘက်ကူးသွားရမှန်း မသိသူတွေကို လမ်းညွှန်ခဲ့သလို အသက်ကယ် အင်္ကျီရှိသူနဲ့ မရှိသူ ဖေးကူလက်တွဲထားကာ ရေစီးအတိုင်း မျောနေချိန် ကရပူရီ ကယ်ဆယ်ရေးသင်္ဘောကြီး ရောက်လာကာ ကြိုးတွေပစ်ချပေးပြီး သူနဲ့အတူရှိ နေ တဲ့ ၁၂ ဦးလုံး သင်္ဘောပေါ် ဘေးကင်းစွာ ပြန်ရောက်လာပါတယ်။ 

ငါတို့တွေ အသက်ဘေးကလွတ်ပြီဆိုပြီး တပ်ဖွဲ့ဝင်တွေကို ပြောခဲ့သလို အဲဒီနေ့က အသက်ရှင်လျက် လွတ်မြောက်လာသူ အမည်စာရင်းထဲမှာ မော်ချဲမ်း အမည်ပါတာကြောင့် မိသားစုတွေ စိတ်အေးခဲ့ရပါတယ်။ 

ဒါပေမဲ့  လွတ်မြောက်သူတွေ အနားယူနေချိန်မှာ မော်ချဲမ်းက ခဏသာ နားပြီး ပြန်ထလာကြောင်း၊ အနီးအနားက အသက်ကယ်အင်္ကျီတွေကို တောင်းယူကာ တခြားသူတွေ ပြန်ကယ်မယ်ဆိုပြီး ပြောခဲ့တယ်လို့ ဆိုပါတယ်။ 

ကယ်ဆယ်ရေးသင်္ဘောကြီး ကမ်းကပ်တော့ မော်ချဲမ်းတယောက် ပါမလာဘဲ ပျောက်ဆုံးနေတာပါ။ သူဟာ လူမှုဝန်ထမ်းစိတ်ရှိသူ၊ ရေတပ်သားအလုပ်ကို နှစ်ခြိုက်ခုံမင်သူ၊ ရေဘေးကယ်ဆယ်ရေးသင်တန်းတွေ အဖန်ဖန်တက်ခဲ့ဖူးပြီး ရေနစ်တဲ့ ငါးဖမ်းလှေပေါ်က လူတွေကိုလည်း ကယ်ဆယ်ခဲ့ဖူးတာကြောင့် ထိုင်းပြည်သူတွေက သူရဲကောင်းသဖွယ် ချီးကျူးနေကြပြီး အသက်ရှင်လျက် ပြန်တွေ့ပါရစေလို့ ဝိုင်းဝန်းဆုတောင်းပေးနေကြပေမဲ့လည်း နောက်ဆုံးတော့ ပြည်သူတွေ ဆုတောင်းမပြည့်ခဲ့ပါဘူး။ 

ပျောက်ဆုံးနေတဲ့ ရေတပ်သားတွေထဲ မကြာသေးခင်ကမှ သူ့ချစ်သူကို လေဆိပ်မှာ လက်ထပ်ခွင့်တောင်းခဲ့တဲ့ ကပွတိန် ဗိုလ်မှူးဖွန်းရတ်တန ဆီရို့ဒ် တယောက်လည်း အပါအဝင် ဖြစ်ပါတယ်။ သူဟာ ရေတပ်ဗိုလ်ချုပ်တယောက်ရဲ့ သားလည်းဖြစ်ပါတယ်။ 

ပျောက်ဆုံးနေသူတွေကို သင်္ဘောကြီး ၅ စင်း၊ ကယ်ဆယ်ရေးလှေနဲ့ ရဟတ်ယာဉ်တွေပါ အသုံးပြုပြီး ပရကျုပ်ခီရီခန်၊ ချွန်းဖွန်းနဲ့ စူရတ်ဌာနီခရိုင် ၃ ခုအပိုင် ပင်လယ်ပြင်ထဲမှာ ရှာဖွေနေကြတာပါ။ 

တချိန်တည်းမှာပဲ ဆူခိုးထိုင်းသင်္ဘောကြီးကို ပြန်လည်ဆယ်ယူနိုင်ဖို့ ရေငုပ်ကျွမ်းကျင်သူတွေက ကနဦး လေ့လာဆန်းစစ်နေပြီး သေဆုံးသူတွေကိုပါ ရှာဖွေနေပါတယ်။

အဆိုပါ ဆူခိုထိုင်းသင်္ဘောကြီးဟာ ပင်လယ်ရေမျက်နှာပြင်အနက် ၅၀ မီတာလောက်မှာ နစ်မြုပ်နေတယ်လို့ ဆိုပါတယ်။ 

ကိုးကား - MCOT TV News / cmprice.com / NationTV 

2 mins Ago

December 23, 2022

ဆူခိုထိုင်း စစ်သင်္ဘောနစ်မြုပ်ခဲ့ရသည့် အကြောင်းရင်း ထိုင်းရေတပ် ထုတ်ဖော်ပြော

HTMS ဆူခိုထိုင်း စစ်သင်္ဘောနစ်မြုပ်ခဲ့တာဟာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားတာနဲ့ တဆက်တည်း မုန်တိုင်းနဲ့ လှိုင်းလုံးကြီးတွေကြောင့် သင်္ဘောကို ရေဖုံးလွှမ်းသွားတာကြောင့် ဖြစ်ကြောင်း ထိုင်းစစ်တပ်ကျွမ်းကျင်သူတွေက တရုတ် CCTV ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက်က ရေတပ်သင်္ဘော ဆူခိုထိုင်းဟာ ရာသီဥတု ကောင်းမွန်လာချိန်ကို စောင့်ဆိုင်းဖို့ ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ ပရာချွတ်ပ် ရေနက်ဆိပ်ကမ်းအနီးမှာ ကျောက်ချ ရပ်နားဖို့ ကြိုးစားခဲ့ပေမဲ့ ပြင်းထန်တဲ့ လှိုင်းလုံးတွေကြောင့် စစ်သင်္ဘော  နစ်မြုပ်သွားခဲ့တာပါ။

ပြင်းထန်တဲ့ လှိုင်းလုံးကြီးတွေကြောင့် လျှပ်စစ်ဓာတ်အားပေးတဲ့စနစ်ထဲကို  ရေတွေဝင်ပြီး လျှပ်စစ်ဓာတ်အား ဆုံးရှုံးခဲ့ကာ သင်္ဘောထိန်းချုပ်မှုလည်း မရရှိတော့ကြောင်း ထိုင်းတော်ဝင်ရေတပ် (RTN) မှ ပြောကြားခဲ့ပါတယ်။

သင်္ဘောဟာ ခေတ်မီစစ်သင်္ဘောဖြစ်ပြီး၊ ဓာတ်အား ပြတ်တောက်သွားတာနဲ့ စနစ်တွေအားလုံး အလုပ်မလုပ်တော့ဘူးလို့ ထိုင်းနိုင်ငံ အမျိုးသားကာကွယ်ရေး ကောလိပ် ဥက္ကဋ္ဌဟောင်း  က ပြောပါတယ်။ 

ထိုင်းစစ်သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေဟာ ကျန်ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၂၃ ဦးကို ကယ်ဆယ်ဖို့ နာရီနဲ့အမျှ လုပ်ဆောင်နေကြောင်း ထိုင်းတော်ဝင်ရေတပ် (RTN) က ဗုဒ္ဓဟူးနေ့မှာ ပြောကြားထားပါတယ်။ 

6 days Ago
Up