ဆူခိုထိုင်း စစ်သင်္ဘောနစ်မြုပ်ခဲ့ရသည့် အကြောင်းရင်း ထိုင်းရေတပ် ထုတ်ဖော်ပြော

HTMS ဆူခိုထိုင်း စစ်သင်္ဘောနစ်မြုပ်ခဲ့တာဟာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားတာနဲ့ တဆက်တည်း မုန်တိုင်းနဲ့ လှိုင်းလုံးကြီးတွေကြောင့် သင်္ဘောကို ရေဖုံးလွှမ်းသွားတာကြောင့် ဖြစ်ကြောင်း ထိုင်းစစ်တပ်ကျွမ်းကျင်သူတွေက တရုတ် CCTV ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ဒီဇင်ဘာ ၁၈ ရက်က ရေတပ်သင်္ဘော ဆူခိုထိုင်းဟာ ရာသီဥတု ကောင်းမွန်လာချိန်ကို စောင့်ဆိုင်းဖို့ ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ ပရာချွတ်ပ် ရေနက်ဆိပ်ကမ်းအနီးမှာ ကျောက်ချ ရပ်နားဖို့ ကြိုးစားခဲ့ပေမဲ့ ပြင်းထန်တဲ့ လှိုင်းလုံးတွေကြောင့် စစ်သင်္ဘော နစ်မြုပ်သွားခဲ့တာပါ။
ပြင်းထန်တဲ့ လှိုင်းလုံးကြီးတွေကြောင့် လျှပ်စစ်ဓာတ်အားပေးတဲ့စနစ်ထဲကို ရေတွေဝင်ပြီး လျှပ်စစ်ဓာတ်အား ဆုံးရှုံးခဲ့ကာ သင်္ဘောထိန်းချုပ်မှုလည်း မရရှိတော့ကြောင်း ထိုင်းတော်ဝင်ရေတပ် (RTN) မှ ပြောကြားခဲ့ပါတယ်။
သင်္ဘောဟာ ခေတ်မီစစ်သင်္ဘောဖြစ်ပြီး၊ ဓာတ်အား ပြတ်တောက်သွားတာနဲ့ စနစ်တွေအားလုံး အလုပ်မလုပ်တော့ဘူးလို့ ထိုင်းနိုင်ငံ အမျိုးသားကာကွယ်ရေး ကောလိပ် ဥက္ကဋ္ဌဟောင်း က ပြောပါတယ်။
ထိုင်းစစ်သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေဟာ ကျန်ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၂၃ ဦးကို ကယ်ဆယ်ဖို့ နာရီနဲ့အမျှ လုပ်ဆောင်နေကြောင်း ထိုင်းတော်ဝင်ရေတပ် (RTN) က ဗုဒ္ဓဟူးနေ့မှာ ပြောကြားထားပါတယ်။