တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ အာဖရိကတိုက်က ဆူဒန်နိုင်ငံမှာ ပိတ်မိပြီး အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား အမျိုးသမီးတယောက်ကို သံရုံးကနေ ကူညီကယ်တင်ပေးခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ဧပြီ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား မလယ်မယ်မီးဟာ သူ့အိမ်ရှင်နဲ့အတူ အားလပ်ရက်ခရီးအဖြစ် ဆူဒန်နိုင်ငံ၊ ခါတွန်မြို့ကို သွားရောက်ခဲ့ရာမှာ စစ်မက်ဘေးနဲ့ ကြုံတွေ့လို့ ပို့တ်ဆူဒန်မြို့မှာပိတ်မိနေတာဖြစ်ပါတယ်။
မလယ်မယ်မီးကို ကူညီကယ်ဆယ်နိုင်ဖို့ မြန်မာသံရုံးက ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆူဒန်နိုင်ငံစစ်ဘေးအတွင်း ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအတွက် ဆော်ဒီနိုင်ငံမှ ဖွဲ့စည်းထားတဲ့ Emergency Crisis Management Team တို့ကို ဆက်သွယ်ပြီး ဆော်ဒီနိုင်ငံမှ စီစဉ်ဆောင်ရွက်နေတဲ့ ကယ်ဆယ်ရေးသင်္ဘောမှာ လိုက်ပါခွင့်ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၂၉ ရက်ညပိုင်းမှာတော့ မလယ်မယ်မီးဟာ ပို့တ်ဆူဒန်မြို့မှ ဂျက်ဒါမြို့သို့ ရောက်ရှိပြီး အဲဒီကနေတဆင့် သူ့အလုပ်ခွင်ရှိရာ ဒူဘိုင်းမြို့သို့ ခရီးဆက်လက် ထွက်ခွာနိုင်ရေးအတွက် ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးက စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဆူဒန်မြို့တော် ခါတွန်မှာတော့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးထားတဲ့ကြားက ပြိုင်ဘက် စစ်တပ်အုပ်စုတွေကြားမှာ တိုက်ပွဲတွေ ရပ်မသွားဘဲ မေ ၁ ရက်က မနေ့ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
နိုင်ငံခြားတိုင်းပြည်သီးသီးက အစိုးရတွေကလည်း သူတို့နိုင်ငံသားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်း ကယ်ထုတ်ပေးနေသလို ကုလသမဂ္ဂကလည်း ပြိုင်ဘက်စစ်တပ်တွေကြား အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းနေပါတယ်။
ဆူဒန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေရဲ့ လေယာဉ် ၆ စီးပါ စစ်ဆင်ရေးအတွင်း သံတမန်တွေနဲ့အတူ မိသားစုဝင်တွေကိုပါ နိုင်ငံတွင်းကနေ ကယ်ထုတ်သွားပြီလို့ အရန်စစ်တပ်ဖြစ်တဲ့ အလျင်အမြန်ကူညီပေးရေးတပ်ဖွဲ့ (RSF)က ဧပြီလ ၂၃ရက်မှာ ပြောပါတယ်။
ဒီစစ်ဆင်ရေးကို RSF ရဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့အတူ အကောင်အထည်ဖော်ခဲ့တာလို့ တွစ်တာပေါ်က RSFရဲ့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဗြိတိန်၊ ပြင်သစ်၊ တရုတ်နဲ့ ဆော်ဒီ အပါအဝင် တခြားနိုင်ငံတွေဟာ လည်း သူတို့ရဲ့ သံတမန်တွေနဲ့ နိုင်ငံသားတွေကို ပြန်ခေါ်တော့မယ်လို့ ဧပြီလ ၂၂ရက်မှာ ဆူဒန်စစ်တပ်ဘက်က ပြောကြားထားပါတယ်။
ဆူဒန်နိုင်ငံမှာ စစ်ဘက်ဆိုင်ရာ အုပ်စုကွဲရာကနေ လက်နက်ကိုင်ပဋိပက္ခတွေ ကြောင့် ဒီကနေ့အချိန်အထိ လူရာပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ တစ်ရက်တည်းမှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စစ်တပ်အနေနဲ့ အစိုးရ ဝန်ထမ်းတွေကို ဆူဒန်မြို့တော် ခါတွန် ကနေ ပြန်ခေါ်လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့တဲ့အပြင် သံရုံးရဲ့ လုပ်ငန်းလည်ပတ်မှုကိုပါ ယာယီရပ်ဆိုင်း ထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဆူဒန်နိုင်ငံမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေအတွက် တတ်နိုင်သမျှ အကူအညီ ပေးရာမှာ အစိုးရအဖွဲ့ရဲ့ အစီရင်ခံစာတွေကို ပုံမှန်လက်ခံရရှိထားတယ်လို့ ဘိုင်ဒင်က ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။
ဒီလို ကယ်ဆယ်ရေး လုပ်ငန်းစဉ်အတွက် မဟာမိတ်တွေ အပါအဝင် မိတ်ဖက်နိုင်ငံတွေ နဲ့ပါ လက်တွဲလုပ်ကိုင်နေတယ်လို့ ဘိုင်ဒင်က ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။