close

အမေရိကန်သံတမန်များနှင့် မိသားစုဝင်များကို ဆူဒန်နိုင်ငံမှကယ်ထုတ်

ဆူဒန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေရဲ့ လေယာဉ် ၆ စီးပါ စစ်ဆင်ရေးအတွင်း သံတမန်တွေနဲ့အတူ မိသားစုဝင်တွေကိုပါ နိုင်ငံတွင်းကနေ ကယ်ထုတ်သွားပြီလို့ အရန်စစ်တပ်ဖြစ်တဲ့ အလျင်အမြန်ကူညီပေးရေးတပ်ဖွဲ့  (RSF)က ဧပြီလ ၂၃ရက်မှာ ပြောပါတယ်။

ဒီစစ်ဆင်ရေးကို RSF ရဲ့  ညှိနှိုင်းဆောင်ရွက်မှုနဲ့အတူ အကောင်အထည်ဖော်ခဲ့တာလို့ တွစ်တာပေါ်က RSFရဲ့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ဗြိတိန်၊ ပြင်သစ်၊ တရုတ်နဲ့ ဆော်ဒီ အပါအဝင် တခြားနိုင်ငံတွေဟာ လည်း သူတို့ရဲ့ သံတမန်တွေနဲ့ နိုင်ငံသားတွေကို ပြန်ခေါ်တော့မယ်လို့ ဧပြီလ ၂၂ရက်မှာ ဆူဒန်စစ်တပ်ဘက်က ပြောကြားထားပါတယ်။

ဆူဒန်နိုင်ငံမှာ စစ်ဘက်ဆိုင်ရာ အုပ်စုကွဲရာကနေ လက်နက်ကိုင်ပဋိပက္ခတွေ ကြောင့် ဒီကနေ့အချိန်အထိ လူရာပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ တစ်ရက်တည်းမှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စစ်တပ်အနေနဲ့ အစိုးရ ဝန်ထမ်းတွေကို ဆူဒန်မြို့တော် ခါတွန် ကနေ ပြန်ခေါ်လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့တဲ့အပြင် သံရုံးရဲ့ လုပ်ငန်းလည်ပတ်မှုကိုပါ ယာယီရပ်ဆိုင်း ထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဆူဒန်နိုင်ငံမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေအတွက် တတ်နိုင်သမျှ အကူအညီ ပေးရာမှာ အစိုးရအဖွဲ့ရဲ့ အစီရင်ခံစာတွေကို ပုံမှန်လက်ခံရရှိထားတယ်လို့ ဘိုင်ဒင်က ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။

ဒီလို ကယ်ဆယ်ရေး လုပ်ငန်းစဉ်အတွက် မဟာမိတ်တွေ အပါအဝင် မိတ်ဖက်နိုင်ငံတွေ နဲ့ပါ လက်တွဲလုပ်ကိုင်နေတယ်လို့ ဘိုင်ဒင်က ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

Up