close

ဆူဒန်အစိုးရ

close

April 26, 2023

ဝဂ္ဂနာကြေးစားတပ်ဖွဲ့ကို ဆူဒန် အသုံးပြုပိုင်ခွင့်ရှိဟု ရုရှားပြော

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗရော့ဗ်ဟာ ပြိုင်ဘက်အဖွဲ့တွေကြား လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ဆူဒန်ဟာ ရုရှားပုဂ္ဂလိကစစ်ဘက်ကုမ္ပဏီ ဝဂ္ဂနာအုပ်စုရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုပိုင်ခွင့်ရှိတယ်လို့ ဧပြီ ၂၅ရက်မှာ ပြောလိုက်ပါတယ်။

လာ့ဗရော့ဗ်က ကုလသမဂ္ဂမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့မှတ်ချက်ကို ပြောခဲ့တာပါ။

ဆူဒန်မှာ စစ်ဆင်ရေးတွေ လုပ်မနေဘူးလို့ ဝဂ္ဂနာက ဧပြီ ၁၉ ရက်မှာ ငြင်းဆိုခဲ့ပြီး အလွန်အမင်း ဆင်းရဲနွမ်းပါးတဲ့ အာဖရိကနိုင်ငံကို လှုပ်ခတ်နေတဲ့ တိုက်ပွဲတွေနဲ့ ဝဂ္ဂနာက ဘာမှမဆိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ဆူဒန်မြို့တော် ခါတွန်က အနောက်တိုင်းသံတမန်တွေကတော့ ဝဂ္ဂနာအုပ်စုဟာ ဆူဒန်ထဲက တရားမဝင် ရွှေတူးဖော်မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ၂၀၂၂ ခုနှစ် မတ်လမှာ ပြောခဲ့ဖူးပြီး ဆူဒန်ကတော့ ဒီကိစ္စကို ငြင်းဆိုခဲ့ပါတယ်။

လက်ရှိပြည်တွင်းစစ်မှာ အဓိကရင်ဆိုင်နေတဲ့ ဆူဒန်စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ် ဖာတာ အယ်လ် ဘာဟန်နဲ့ရော အရန်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုဟာမဒ် ဟမ်ဒန် ဒါဂါလိုနဲ့ပါ အချိန်အတော်ကြာ အဆက်အသွယ် မရှိခဲ့ဘူးလို့ ဝဂ္ဂနာအုပ်စုက တယ်လီဂရမ်ပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဝဂ္ဂနာကို တည်ထောင်သူ ယက်ဗ်ဂျေညီ ပရီဂေါ့ရှင်နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေဟာလည်း ဆူဒန်မှာ ငွေကြေးဆိုင်ရာ အကျိုးစီးပွားတွေမရှိဘဲ ပဋိပက္ခဟာ ဆူဒန်ပြည်တွင်းရေး ကိစ္စသက်သက်သာ ဖြစ်တယ်လို့လည်း ဝဂ္ဂနာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

မာလီနဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံတို့က သောင်းကျန်းသူတွေကို နှိမ်နင်းဖို့ အရင်က တပ်စွဲထားတဲ့ ဝဂ္ဂနာ ကြေးစားစစ်သားတွေဟာ လက်ရှိမှာ ယူကရိန်းအရှေ့ပိုင်း ဘတ်ခ်မွတ်မြို့ကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေကြပါတယ်။

8 mins Ago

July 18, 2022

ဆူဒန်အစိုးရ ဆန့်ကျင်ရေးသမားများကို လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဗုံးပစ် လူစုခွဲ

ဆူဒန်နိုင်ငံ မြို့တော် ခါတွမ်မှာ ဇူလိုင် ၁၇ ရက်က အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ပစ်ပြီး လူစုခွဲခဲ့ပါတယ်။ 

နိုင်ငံအရှေ့တောင်ပိုင်းက  ဘလူးနိုင်းပြည်နယ်မှာ အရင်တပတ်က လူမျိုးစု ၂ ခုကြား  ပဋိပက္ခ အတွင်း လူအယောက် ၃၀ သေဆုံးပြီး ၁၀၀ လောက် ဒဏ်ရာရခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆန္ဒပြတာပါ။

အီသီယိုးပီးယားနိုင်ငံနဲ့ နယ်စပ်ချင်းကပ်နေတဲ့ ဒေသမှာ လူမျိုးစုနှစ်ခု ပဋိပက္ခဖြစ်ရတာဟာ အစိုးရမှာ တာဝန်ရှိတယ်လို့ ဆန္ဒပြသမားတွေက ဆိုပါတယ်။ 

အာဏာပိုင်တွေကတော့ ပဋိပက္ခဖြစ်ခဲ့တဲ့ ပြည်နယ်ထဲမှာ လုံခြုံရေးတိုးမြှင့်ပြီး ပြဿနာ ဖြစ်ခဲ့ရတဲ့ အကြောင်းကို စုံစမ်းမယ်လို့ဆိုပြီး လောလောဆယ် မြို့ ၂ မြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စကို မကျေနပ်လို့ မြို့တော်ခါတွမ်မှာ ဆန္ဒပြသူတွေဟာ ပြည်တွင်းစစ် ချက်ချင်းရပ်၊ ဘလူးနိုင်းမှာ သွေးချောင်းစီးနေပြီ၊ ဂျူဘာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဖျက်သိမ်းပေး စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး သမ္မတရုံးဆီကို ဇူလိုင် ၁၇ ရက်က ချီတက်ခဲ့ကြပါတယ်။ 

ဆူဒန်နိုင်ငံ အရှေ့ပိုင်းကမ်းရိုးတန်းဒေသနဲ့ အနောက်ဘက်ဒါဖာဒေသတွေမှာ ဆန္ဒပြပွဲတွေ ရံဖန်ရံခါ ပေါ်ပေါက်နေပါတယ်။ 

သူပုန်အုပ်စုနဲ့ အစိုးရကြားမှာ ၂၀၂၀ ပြည့်နှစ်က တပြည်လုံး ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ထိုးထားပါတယ်။ 

၂၀၂၁ ခုနှစ် အောက်တိုဘာမှာ ဆူဒန်စစ်တပ် အာဏာသိမ်းပြီးကတည်းက စစ်တပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်နေပြီး စစ်တပ်ဟာ ပြည်တွင််ပဋိပက္ခတွေကို မီးမွှေးပေးနေတဲ့အပြင် အရပ်သားတွေကို အကာအကွယ်မပေးဘူလို့ ဝေဖန်ခံနေရပါတယ်။ 

စစ်ခေါင်းဆောင်တွေကတော့ ဆူဒန်နိုင်ငံ တည်ငြိမ်ရေးနဲ့ နိုင်ငံရေးပဋိပက္ခတွေကို ထိန်းသိမ်းဖို့ မဖြစ်မနေ အာဏာသိမ်းရတယ်လို့ အကြောင်းပြထားပါတယ်။ 

9 months Ago
Up