ဆူဒန်အစိုးရ ဆန့်ကျင်ရေးသမားများကို လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဗုံးပစ် လူစုခွဲ

ဆူဒန်နိုင်ငံ မြို့တော် ခါတွမ်မှာ ဇူလိုင် ၁၇ ရက်က အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ပစ်ပြီး လူစုခွဲခဲ့ပါတယ်။
နိုင်ငံအရှေ့တောင်ပိုင်းက ဘလူးနိုင်းပြည်နယ်မှာ အရင်တပတ်က လူမျိုးစု ၂ ခုကြား ပဋိပက္ခ အတွင်း လူအယောက် ၃၀ သေဆုံးပြီး ၁၀၀ လောက် ဒဏ်ရာရခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆန္ဒပြတာပါ။
အီသီယိုးပီးယားနိုင်ငံနဲ့ နယ်စပ်ချင်းကပ်နေတဲ့ ဒေသမှာ လူမျိုးစုနှစ်ခု ပဋိပက္ခဖြစ်ရတာဟာ အစိုးရမှာ တာဝန်ရှိတယ်လို့ ဆန္ဒပြသမားတွေက ဆိုပါတယ်။
အာဏာပိုင်တွေကတော့ ပဋိပက္ခဖြစ်ခဲ့တဲ့ ပြည်နယ်ထဲမှာ လုံခြုံရေးတိုးမြှင့်ပြီး ပြဿနာ ဖြစ်ခဲ့ရတဲ့ အကြောင်းကို စုံစမ်းမယ်လို့ဆိုပြီး လောလောဆယ် မြို့ ၂ မြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
ဒီကိစ္စကို မကျေနပ်လို့ မြို့တော်ခါတွမ်မှာ ဆန္ဒပြသူတွေဟာ ပြည်တွင်းစစ် ချက်ချင်းရပ်၊ ဘလူးနိုင်းမှာ သွေးချောင်းစီးနေပြီ၊ ဂျူဘာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဖျက်သိမ်းပေး စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး သမ္မတရုံးဆီကို ဇူလိုင် ၁၇ ရက်က ချီတက်ခဲ့ကြပါတယ်။
ဆူဒန်နိုင်ငံ အရှေ့ပိုင်းကမ်းရိုးတန်းဒေသနဲ့ အနောက်ဘက်ဒါဖာဒေသတွေမှာ ဆန္ဒပြပွဲတွေ ရံဖန်ရံခါ ပေါ်ပေါက်နေပါတယ်။
သူပုန်အုပ်စုနဲ့ အစိုးရကြားမှာ ၂၀၂၀ ပြည့်နှစ်က တပြည်လုံး ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ထိုးထားပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာမှာ ဆူဒန်စစ်တပ် အာဏာသိမ်းပြီးကတည်းက စစ်တပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်နေပြီး စစ်တပ်ဟာ ပြည်တွင််ပဋိပက္ခတွေကို မီးမွှေးပေးနေတဲ့အပြင် အရပ်သားတွေကို အကာအကွယ်မပေးဘူလို့ ဝေဖန်ခံနေရပါတယ်။
စစ်ခေါင်းဆောင်တွေကတော့ ဆူဒန်နိုင်ငံ တည်ငြိမ်ရေးနဲ့ နိုင်ငံရေးပဋိပက္ခတွေကို ထိန်းသိမ်းဖို့ မဖြစ်မနေ အာဏာသိမ်းရတယ်လို့ အကြောင်းပြထားပါတယ်။