close

ဆောက်လုပ်ရေးလုပ်ငန်း

close

January 24, 2022

အိမ်ဆောက်ပစ္စည်းဈေးတက်လာသဖြင့် ရေးမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းအများစု ရပ်ဆိုင်း

မြန်မာ့ငွေဈေးတွေတန်ဖိုးကျလာတာနဲ့အမျှ အိမ်ဆောက်ပစ္စည်းတွေ အဆမတန် ဈေးမြင့်တက်သွားတာကြောင့် မွန်ပြည်နယ် ရေးမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းတွေ အများစုရပ်ဆိုင်းထားလိုက်ရတယ်လို့ ဆောက်လုပ်ရေးသမားတွေက  ပြောပါတယ်။

“အိမ်ဆောက်ပစ္စည်းတွေမှာ အဆမတန်မြင့်တက်သွားတယ်။ သံ၊ ဘိလပ်မြေ စတာတွေက ပုံမှန်ဈေးတွေထက် မြင့်တက်သွားတယ်။ အလုပ်ဆိုဒ်တွေမှာ ကန်ထရိုက်ယူတုန်းက ဈေးနဲ့ အခုလက်ရှိ ပစ္စည်းဈေးတွေနဲ့ဆို ဘယ်လိုမှ လုပ်လို့မရဘူး။ အရှုံးတွေပေါ်ပြီး အလုပ်သမား စရိတ်တောင် မနည်းပေးချေနေရတယ်” လို့  ဆောက်လုပ်ရေးသမားတဦးက ပြောပါတယ်။

လက်ရှိ သံ ၁ တန်မှာ ယခင်က ၇ သိန်းကျော်မှ အခု ၁၃ သိန်းကျော်ရှိပြီး ဘိလပ်မြေက ၁ အိတ် ၆၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျော်အထိ မြင့်တက်သွားတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးယူတဲ့နောက်မှာ အခုလို ဈေးတွေထက်ဝက်နီးပါးလောက် တက်သွားသလို ပစ္စည်းလည်း လိုသလောက် မှာယူလို့လည်း မရဘူးလို့  အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ကိုင်သူတဦးက ပြောပါတယ်။

ရေးမြို့နယ်မှာ အိမ်ဆောက်ပစ္စည်းတွေ မြင့်တက်လာတာနဲ့အမျှ သယ်ယူစရိတ်တွေက အစ မြင့်တက်လာတာကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ စီမံကိန်းလုပ်ငန်းတွေအပါဝင်  အဆောက်အအုံ၊ အဆောက်အအုံလုပ်ငန်းတွေမှာ ရာနှုန်းပြည့်နီးပါး အလုပ်တွေ ဆိုင်းငံ့ထားလိုက်ရတယ်လို့ ဆိုပါတယ်။

အခုလို ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်နားလိုက်တာကြောင့် အလုပ်လက်မဲ့တွေ မြင့်တက်လာပြီး အဓိက ဆောက်လုပ်ရေးလုပ်ငန်းကို မှီခိုလုပ်ကိုင်နေတဲ့ မိသားစုတွေမှာ ပိုပြီး အခက်ခဲတွေ ဖြစ်စေတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းယူပြီးတဲ့ ၁၁ လကျော်ကာလအတွင်းမှာ အိမ်ဆောက်ပစ္စည်းဈေးတွေ အဆမတန်မြင့်တက်လာသလို ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

10 mins Ago

September 6, 2021

ချင်းပြည်နယ်ထဲက ဆောက်လုပ်ရေးလုပ်ငန်းနှင့် စီမံကိန်းများ အပြီးသတ်ရန် သတိပေး

ချင်းပြည်နယ်ထဲက စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်နေတဲ့ ဆောက်လုပ်ရေးနဲ့ စီမံကိန်းလုပ်ငန်းတွေ အားလုံး စက်တင်ဘာလထဲမှာ အပြီးသတ်ကြဖို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးလိုက်ပါတယ်။

စစ်ကောင်စီက ခေါ်ယူတဲ့ ဝန်ထမ်းအလုပ်နဲ့ တင်ဒါလုပ်ငန်းတွေကို လုံးဝမလုပ်ဖို့လည်း ဇိုတုန်နယ် ပြည်သူ့ကာကွယ်ရေးတပ်က ကြေညာထားပြီး စက်တင်ဘာလကုန် နောက်ဆုံးထားလို့ စစ်တပ်က ချမှတ်ထားတဲ့ ဘယ်ဆောက်လုပ်ရေးလုပ်ငန်းကိုမဆို လုံးဝမလည်ပတ်ဖို့ သတိပေးထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့ဝန်ဆောင်မှု၊ ဒေသတွင်းဖွံ့ဖြိုးရေး စတဲ့ အတုအယောင်ခေါင်းစဉ်တွေ တပ်ပြီး နိုင်ငံရေးကစားကွက်နဲ့ စည်းရုံးရေးမက်လုံးတွေ ပေးတဲ့ စီမံကိန်းအမျိုးမျိုးကို မတရားဖော်ဆောင်နေတယ်လို့လည်း ချင်းပြည်ကာကွယ်ရေးတပ်က ဆိုပါတယ်။

စီမံကိန်းတွေကို အကြောင်းပြပြီး စစ်အုပ်စုရဲ့ ဒေသတွင်း နယ်မြေစိုးမိုးရေး၊ တော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းတာတွေ လုပ်နေတာကိုလည်း မြင်ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လက်ရှိဆောင်ရွက်နေတဲ့လုပ်ငန်းတွေကို စက်တင်ဘာလကုန်အထိပဲ လုပ်ခွင့်ပေးမှာဖြစ်ပြီး နောက်ထပ်ဆောင်ရွက်မယ့် လုပ်ငန်းမှန်သမျှကို အောက်တိုဘာ ၁ ရက်ကစလို့ ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်တဲ့အထိ လုံးဝပိတ်ပင်တားမြစ်လိုက်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်ကို တိတိကျကျမလိုက်နာတဲ့သူတွေကိုလည်း အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းသူတွေအဖြစ် သတ်မှတ်ပြီး တာဝန်ရှိသူတွေနဲ့ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ပြည်သူပိုင်သိမ်းတာ၊ ဒါမှမဟုတ် တိုက်ခိုက်အရေးယူမယ်လို့ သတိပေးလိုက်ပါတယ်။

ထန်တလန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြို့နယ်ထဲမှာ လုပ်ကိုင်နေတဲ့ လမ်းလုပ်ငန်း၊ ကျောက်ခင်း ကျောက်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း စတာတွေ ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ စက်တင်ဘာ ပထမပတ်ထဲမှာ လုပ်ငန်းတွေ အပြီးဆောင်ရွက်ဖို့၊ မပြီးနိုင်ဘူးဆိုရင်လည်း ရပ်တန့်ဖို့အတွက် ဩဂုတ် နောက်ဆုံးပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထန်တလန်မြို့နယ်၊ ဇိုဖေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း  ဒေသထဲမှာ စစ်ကောင်စီရဲ့ တင်ဒါလုပ်ငန်းတွေ လုံးဝ မလုပ်ကြဖို့၊ လုပ်ကိုင်နေတဲ့ ဆောင်ရွက်ဆဲလုပ်ငန်းတွေကို အမြန်ဆုံး ရပ်တန့်ကြဖို့ ပြီးခဲ့တဲ့ ဩဂုတ် ပထမပတ်ကတည်းက ကြေညာထားခဲ့ပါတယ်။

5 months Ago
Up