close

ချင်းပြည်နယ်ထဲက ဆောက်လုပ်ရေးလုပ်ငန်းနှင့် စီမံကိန်းများ အပြီးသတ်ရန် သတိပေး

ချင်းပြည်နယ်ထဲက စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်နေတဲ့ ဆောက်လုပ်ရေးနဲ့ စီမံကိန်းလုပ်ငန်းတွေ အားလုံး စက်တင်ဘာလထဲမှာ အပြီးသတ်ကြဖို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးလိုက်ပါတယ်။

စစ်ကောင်စီက ခေါ်ယူတဲ့ ဝန်ထမ်းအလုပ်နဲ့ တင်ဒါလုပ်ငန်းတွေကို လုံးဝမလုပ်ဖို့လည်း ဇိုတုန်နယ် ပြည်သူ့ကာကွယ်ရေးတပ်က ကြေညာထားပြီး စက်တင်ဘာလကုန် နောက်ဆုံးထားလို့ စစ်တပ်က ချမှတ်ထားတဲ့ ဘယ်ဆောက်လုပ်ရေးလုပ်ငန်းကိုမဆို လုံးဝမလည်ပတ်ဖို့ သတိပေးထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့ဝန်ဆောင်မှု၊ ဒေသတွင်းဖွံ့ဖြိုးရေး စတဲ့ အတုအယောင်ခေါင်းစဉ်တွေ တပ်ပြီး နိုင်ငံရေးကစားကွက်နဲ့ စည်းရုံးရေးမက်လုံးတွေ ပေးတဲ့ စီမံကိန်းအမျိုးမျိုးကို မတရားဖော်ဆောင်နေတယ်လို့လည်း ချင်းပြည်ကာကွယ်ရေးတပ်က ဆိုပါတယ်။

စီမံကိန်းတွေကို အကြောင်းပြပြီး စစ်အုပ်စုရဲ့ ဒေသတွင်း နယ်မြေစိုးမိုးရေး၊ တော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းတာတွေ လုပ်နေတာကိုလည်း မြင်ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လက်ရှိဆောင်ရွက်နေတဲ့လုပ်ငန်းတွေကို စက်တင်ဘာလကုန်အထိပဲ လုပ်ခွင့်ပေးမှာဖြစ်ပြီး နောက်ထပ်ဆောင်ရွက်မယ့် လုပ်ငန်းမှန်သမျှကို အောက်တိုဘာ ၁ ရက်ကစလို့ ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်တဲ့အထိ လုံးဝပိတ်ပင်တားမြစ်လိုက်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်ကို တိတိကျကျမလိုက်နာတဲ့သူတွေကိုလည်း အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းသူတွေအဖြစ် သတ်မှတ်ပြီး တာဝန်ရှိသူတွေနဲ့ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ပြည်သူပိုင်သိမ်းတာ၊ ဒါမှမဟုတ် တိုက်ခိုက်အရေးယူမယ်လို့ သတိပေးလိုက်ပါတယ်။

ထန်တလန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြို့နယ်ထဲမှာ လုပ်ကိုင်နေတဲ့ လမ်းလုပ်ငန်း၊ ကျောက်ခင်း ကျောက်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း စတာတွေ ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ စက်တင်ဘာ ပထမပတ်ထဲမှာ လုပ်ငန်းတွေ အပြီးဆောင်ရွက်ဖို့၊ မပြီးနိုင်ဘူးဆိုရင်လည်း ရပ်တန့်ဖို့အတွက် ဩဂုတ် နောက်ဆုံးပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထန်တလန်မြို့နယ်၊ ဇိုဖေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း  ဒေသထဲမှာ စစ်ကောင်စီရဲ့ တင်ဒါလုပ်ငန်းတွေ လုံးဝ မလုပ်ကြဖို့၊ လုပ်ကိုင်နေတဲ့ ဆောင်ရွက်ဆဲလုပ်ငန်းတွေကို အမြန်ဆုံး ရပ်တန့်ကြဖို့ ပြီးခဲ့တဲ့ ဩဂုတ် ပထမပတ်ကတည်းက ကြေညာထားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up