close

ဆောင်းခိုငှက်

close

December 15, 2022

ရာသီဥတု ဖောက်ပြန်မှုကြောင့် ရခိုင်ပြည်နယ်သို့ ဆောင်းခိုငှက်ဝင်ရောက်မှု နည်းပါး

ရခိုင်ပြည်နယ်မှာ ရာသီဥတု ဖောက်ပြန်တဲ့အတွက် အခုနှစ်အတွင်းမှာ ဆောင်းခိုငှက် ဝင်ရောက်မှု နည်းပါးနေတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ သစ်တောပြုန်းတီးမှုတွေကြောင့် ဆောင်းခိုငှက် ဝင်ရောက်မှုဟာ အရင်နှစ်တွေက မျိုးစိတ်ပေါင်း ၅၀ လောက် ဝင်ရောက်ခဲ့ပေမဲ့ အခုနှစ်မှာ ၃၀ လောက်ပဲ ဝင်ရောက်တယ်လို့ စိမ်းလန်းရခိုင်အဖွဲ့ရဲ့ ဒါရိုက်တာ ကိုစိမ်းလန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

ဆောင်းခိုငှက်တွေ ဝင်ရောက်မှု နည်းပါးရတဲ့ အဓိကအကြောင်းရင်းကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကြောင့် ဖြစ်သလို ဒေသတွင်းမှာလည်း ငှက်တွေကို ပိုက်ကွန်တွေနဲ့ ထောင်ဖမ်းပြီး သတ်ဖြတ်စားသောက်ကြတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဆောင်းခိုငှက်တွေဟာ မျိုးတုံးပျောက်ကွယ်တာလည်း ဖြစ်နိုင်သလို စားကျက်နေရာ ပြောင်းလဲတာကြောင့်လည်း ဝင်ရောက်မှု နည်းပါးလာတာ ဖြစ်နိုင်တယ်လို့ ကိုစိမ်းလန်းအောင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အဏ္ဏဝါ အမျိုးသားဥယျာဥ်အဖြစ် သတ်မှတ်ထားတဲ့ စစ်တွေမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ကြားက နံ့သာကျွန်းမှာ နှစ်စဥ် နိုဝင်ဘာလကနေ ဇန်နဝါရီလအထိ ဆောင်းခိုငှက်တွေ လာရောက်ကျက်စားလေ့ ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ သစ်အဆမတန်ထုတ်ယူမှု၊ ထင်းမီးသွေး သုံးစွဲမှုတွေကြောင့် သစ်တောတွေနဲ့ ဒီရေတောတွေ ပြုန်းတီးလာပြီး နှစ်စဥ် ရာသီဥတု ဖောက်ပြန်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

4 mins Ago

December 12, 2021

ပလိပ်အင်းအတွင်း ဆောင်းခိုငှက်များ အဆိပ်ချသတ်ဖြတ်ခံနေရ

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပလိပ်အင်း မှာ  နှစ်စဉ်ဝင်ရောက်ကျက်စားလေ့ရှိတဲ့ ဆောင်းခိုငှက်တွေကို ထိန်းသိမ်းစောင့်ရှောက်သူ မရှိတဲ့အတွက် အဆိပ်ချ၊ ဖမ်းဆီးသတ်ဖြတ်သူ တွေ များပြားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အရင်နှစ်တွေက ငှက်ချစ်သူတွေ လာရောက်ထိန်းသိမ်းစောင့်ရှောက်တာကြောင့် ဆောင်းခိုငှက်တွေအား သတ်ဖြတ်တာကို တားမြစ်ပိတ်ပင်နိုင်ခဲ့ပေမယ့် ဒီနှစ်မှ်တော့ စောင့်ရှောက်ပေးသူ မရှိဖြစ်နေတယ်လို့ ဆိုပါတယ်။

စောင့်ရှောက်မှုနည်းတာကြောင့် ငှက်မုဆိုးတွေက ငှက်ထောင်ဖမ်းဆီးတာတွေအပြင် အဆိပ်ချ ဖမ်းဆီးတာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ခါတိုင်းကျတော့ ငှက်ချစ်သူများအသင်းက စောင့်ရှောက်တာပေါ့။ အင်းမှာက အရင်က တရားဥပဒေနည်းနည်းစိုးမိုးတာပေါ့။ အခုကျတော့ စားဝတ်နေရေး ကျပ်တည်းတဲ့သူတွေ ငှက်မုဆိုးတွေရှိတာပေါ့။ စားဝတ်နေရေးကြောင့် ခါတိုင်းမလုပ်ပေမယ့် အခုလည်း ထုတာတွေ လုပ်တာတွေရှိတယ်။ ဆေးချတာတွေလည်းရှိနေတယ်။”

ပလိပ်အင်း စိုက်ခင်းတွေထဲမှာ ဆောင်းခိုငှက် သေတွေကို တောင်သူတွေ တွေ့ရှိနေရပြီး လက်ရှိအချိန်မှာ ငှက်တွေကို ဆေးချဖမ်းသူတွေအား ဖမ်းဆီးအရေးယူရေး တိုင်တန်းဖို့ မဖြစ်နိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုကြပါတယ်။

“ငှက်က လိုက်ပစ်တဲ့သူမတွေ့ဘူး၊ ဒါပေမယ့် ငှက်တွေကတော့ သေနေတာတွေပဲတွေ့တယ်။ သေနေတယ်ဆိုတာက သူတို့ ငှက်သားတွေ ဘာတွေစားနေတာ၊ ငှက်တွေက ကျနော်တို့အင်းထဲမှာကျတဲ့ ငှက်တွေပေါ့လေ။” လို့ ဒေသခံက ပြောပါတယ်။

ဆောင်းခိုငှက်တွေဟာ ယခင်က တောင်သမန်အင်း၊ ပလိပ်အင်းနဲ့ ဗနောအင်းတွေမှာ အတွေ့ရများပြားပြီး အင်းရေ ရရှိမှု လျော့နည်းသွားတာနဲ့ အဆိပ်ချဖမ်းဆီးတာတွေကြောင့် တစ်နှစ်ထက်တစ်နှစ် ဝင်ရောက်မှု လျော့နည်းလာတယ်လို့ သိရပါတယ်။ 

ဆောင်းခိုငှက် မျိုးစိပ်ပေါင်း ၁၈၀ ကျော်ရှိပြီး ဆေးချတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်တဲ့ သူတွေကို ဇီဝမျိုးစုံမျိုးကွဲဥပဒေနဲ့ အရေးယူနိုင်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဇီဝမျိုးစုံမျိုးကွဲ ဥပဒေမှာပါရှိပါတယ်။

ဆောင်းခိုငှက်တွေကို ဖမ်းဆီးသတ်ဖြတ်နေတာဟာ ဇီဝမျိုးစုံမျိုးကွဲ ဥပဒေကိုကျူးလွန်ရုံသာမက ပတ်ဝန်းကျင် ဂေဟစနစ်ကိုပါ ထိခိုက်လာနိုင်တဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်သင့်တယ်လို့ မြန်မာငှက်ချစ်သူတွေက ဆိုပါတယ်။

1 year Ago
Up