close

ပလိပ်အင်းအတွင်း ဆောင်းခိုငှက်များ အဆိပ်ချသတ်ဖြတ်ခံနေရ

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပလိပ်အင်း မှာ  နှစ်စဉ်ဝင်ရောက်ကျက်စားလေ့ရှိတဲ့ ဆောင်းခိုငှက်တွေကို ထိန်းသိမ်းစောင့်ရှောက်သူ မရှိတဲ့အတွက် အဆိပ်ချ၊ ဖမ်းဆီးသတ်ဖြတ်သူ တွေ များပြားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အရင်နှစ်တွေက ငှက်ချစ်သူတွေ လာရောက်ထိန်းသိမ်းစောင့်ရှောက်တာကြောင့် ဆောင်းခိုငှက်တွေအား သတ်ဖြတ်တာကို တားမြစ်ပိတ်ပင်နိုင်ခဲ့ပေမယ့် ဒီနှစ်မှ်တော့ စောင့်ရှောက်ပေးသူ မရှိဖြစ်နေတယ်လို့ ဆိုပါတယ်။

စောင့်ရှောက်မှုနည်းတာကြောင့် ငှက်မုဆိုးတွေက ငှက်ထောင်ဖမ်းဆီးတာတွေအပြင် အဆိပ်ချ ဖမ်းဆီးတာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ခါတိုင်းကျတော့ ငှက်ချစ်သူများအသင်းက စောင့်ရှောက်တာပေါ့။ အင်းမှာက အရင်က တရားဥပဒေနည်းနည်းစိုးမိုးတာပေါ့။ အခုကျတော့ စားဝတ်နေရေး ကျပ်တည်းတဲ့သူတွေ ငှက်မုဆိုးတွေရှိတာပေါ့။ စားဝတ်နေရေးကြောင့် ခါတိုင်းမလုပ်ပေမယ့် အခုလည်း ထုတာတွေ လုပ်တာတွေရှိတယ်။ ဆေးချတာတွေလည်းရှိနေတယ်။”

ပလိပ်အင်း စိုက်ခင်းတွေထဲမှာ ဆောင်းခိုငှက် သေတွေကို တောင်သူတွေ တွေ့ရှိနေရပြီး လက်ရှိအချိန်မှာ ငှက်တွေကို ဆေးချဖမ်းသူတွေအား ဖမ်းဆီးအရေးယူရေး တိုင်တန်းဖို့ မဖြစ်နိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုကြပါတယ်။

“ငှက်က လိုက်ပစ်တဲ့သူမတွေ့ဘူး၊ ဒါပေမယ့် ငှက်တွေကတော့ သေနေတာတွေပဲတွေ့တယ်။ သေနေတယ်ဆိုတာက သူတို့ ငှက်သားတွေ ဘာတွေစားနေတာ၊ ငှက်တွေက ကျနော်တို့အင်းထဲမှာကျတဲ့ ငှက်တွေပေါ့လေ။” လို့ ဒေသခံက ပြောပါတယ်။

ဆောင်းခိုငှက်တွေဟာ ယခင်က တောင်သမန်အင်း၊ ပလိပ်အင်းနဲ့ ဗနောအင်းတွေမှာ အတွေ့ရများပြားပြီး အင်းရေ ရရှိမှု လျော့နည်းသွားတာနဲ့ အဆိပ်ချဖမ်းဆီးတာတွေကြောင့် တစ်နှစ်ထက်တစ်နှစ် ဝင်ရောက်မှု လျော့နည်းလာတယ်လို့ သိရပါတယ်။ 

ဆောင်းခိုငှက် မျိုးစိပ်ပေါင်း ၁၈၀ ကျော်ရှိပြီး ဆေးချတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်တဲ့ သူတွေကို ဇီဝမျိုးစုံမျိုးကွဲဥပဒေနဲ့ အရေးယူနိုင်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဇီဝမျိုးစုံမျိုးကွဲ ဥပဒေမှာပါရှိပါတယ်။

ဆောင်းခိုငှက်တွေကို ဖမ်းဆီးသတ်ဖြတ်နေတာဟာ ဇီဝမျိုးစုံမျိုးကွဲ ဥပဒေကိုကျူးလွန်ရုံသာမက ပတ်ဝန်းကျင် ဂေဟစနစ်ကိုပါ ထိခိုက်လာနိုင်တဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်သင့်တယ်လို့ မြန်မာငှက်ချစ်သူတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up