တရုတ်နိုင်ငံမှာ ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲတော် စီစဉ်ရေးအရာရှိတွေကြား ဇန်နဝါရီ ၃၀ ရက်က ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားရသူ လူနာသစ် ၃၇ ယောက်ရှိတယ်လို့ ပွဲကျင်းပရေး ကော်မတီက ပြောပါတယ်။
လေဆိပ်ကိုရောက်လာအပြီး စမ်းသပ်ရာမှာ အသစ် ကူးစက်ခံဖြစ်နေသူ ၂၈ ယောက် ရှိတယ်။ ဖေဖော်ဝါရီ ၄ ရက်ကနေ ၂၁ ရက်အတွင်း အားကစားပြိုင်ပွဲတွေမှာ ပါဝင်မယ့် အားကစားသမားနဲ့ အသင်းအရာရှိ ၈ ယောက်လည်း ကူးစက်ခံထားရတယ်လို့ ပွဲစီစဉ်သူတွေက ပွဲတော်ရဲ့ တရားဝင် အင်တာနက်စာမျက်နှာပေါ်ကနေ ဇန်နဝါရီ ၃၁ ရက်မှာ သတိပေးစာ ထုတ်ပြန်ထားပါတယ်။
ဆောင်းရာသီ အိုလံပစ်ပွဲမှာ ပါဝင်မယ့် ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ မီဒီယာတွေကို ပြည်သူနဲ့ ခွဲခြားထားပြီး တင်းကျပ်တဲ့ ကျန်းမာရေးသတ်မှတ်ချက်တွေကို အာဏာပိုင်တွေက ချမှတ်ထားပါတယ်။
ပါဝင်သူတွေဟာ သူတို့ရဲ့အဆောင်နဲ့ အိုလံပစ် ရိပ်သာထဲမှာ တရားဝင် သယ်ယူပို့ဆောင်ရေးစနစ်နဲ့ လွတ်လွတ်လပ်လပ် သွားလာဖို့ ခွင့်ပြုထားပေမယ့် အများပြည်သူကြားထဲကို လွတ်လွတ်လပ်လပ် သွားဖို့ ခွင့်မပြုထားပါဘူး။
တခြားနိုင်ငံတွေနဲ့ မတူဘဲ တရုတ်ဟာ နိုင်ငံခြားလေကြောင်းခရီးစဉ် အားလုံးနီးပါးကို ဖျက်သိမ်း ထားပြီး မူဝါဒနဲ့ပတ်သက်လို့ လုံးလုံးအထိမခံဘဲ သူ့ကိုယ်သူ အထီးကျန်ဖြစ်အောင် လုပ်ထားတယ်လို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။
အိုလံပစ် အားကစားသမားတွေနဲ့ တခြားလူတွေဟာ ပေကျင်းမြို့တော်ကို ချာတာလေယာဉ်နဲ့ တိုက်ရိုက်ပျံသန်းလာရမှာ ဖြစ်ပြီး မီဒီယာတွေနဲ့ ဝန်ထမ်းတွေ အပါအဝင် ပွဲတော်နဲ့ ပတ်သက်သူ အားလုံးကို ကူးစက်ခံ ဟုတ်၊ မဟုတ် နေ့စဉ် စစ်ဆေးနေပါတယ်။
ပေကျင်း ဆောင်းရာသီ အိုလံပစ်အားကစားပွဲအတွက် စခန်းသွင်းထားတဲ့ နိုင်ငံခြားသား အားကစားသမား နှစ်ယောက်မှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိရတယ်လို့ အားကစားပွဲတော်ကျင်းပရေးကော်မတီက တာဝန်ရှိသူ ဟူအန်ချန်းက ပြောပါတယ်။
ရောဂါကူးစက်ခံရသူ နှစ်ဦးစလုံးက တနိုင်ငံတည်းက ဖြစ်ပြီး အခုတော့ ကွာရန်တင်းဟိုတယ်ကို ပို့ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို ဖေဖော်ဝါရီ ၄ ရက်မှ ၂၀ ရက်အထိ ပေကျင်းမြို့နဲ့ အနီးအနားတဝိုက်က မြို့တွေမှာ တပြိုင်တည်း ကျင်းပမှာ ဖြစ်ပါတယ်။
အားကစားပွဲတော်ကို တက်ရောက်ဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ဖိတ်ကြားမယ်ဆိုတဲ့ သတင်းတွေ ထွက်နေသလို၊ လူ့အခွင့်အရေးအဖွဲ့တွေကလည်း တရုတ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မီးမောင်းထိုးပြတဲ့အနေနဲ့ အားကစားပွဲတော်ကို သပိတ်မှောက်ကြဖို့ စပွန်ဆာကုမ္ပဏီတွေနဲ့ အားကစားသမားတွေကို လှုံ့ဆော်နေပါတယ်။