ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲအတွက် စခန်းသွင်းထားသည့် ကစားသမား ၂ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

ပေကျင်း ဆောင်းရာသီ အိုလံပစ်အားကစားပွဲအတွက် စခန်းသွင်းထားတဲ့ နိုင်ငံခြားသား အားကစားသမား နှစ်ယောက်မှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိရတယ်လို့ အားကစားပွဲတော်ကျင်းပရေးကော်မတီက တာဝန်ရှိသူ ဟူအန်ချန်းက ပြောပါတယ်။
ရောဂါကူးစက်ခံရသူ နှစ်ဦးစလုံးက တနိုင်ငံတည်းက ဖြစ်ပြီး အခုတော့ ကွာရန်တင်းဟိုတယ်ကို ပို့ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို ဖေဖော်ဝါရီ ၄ ရက်မှ ၂၀ ရက်အထိ ပေကျင်းမြို့နဲ့ အနီးအနားတဝိုက်က မြို့တွေမှာ တပြိုင်တည်း ကျင်းပမှာ ဖြစ်ပါတယ်။
အားကစားပွဲတော်ကို တက်ရောက်ဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ဖိတ်ကြားမယ်ဆိုတဲ့ သတင်းတွေ ထွက်နေသလို၊ လူ့အခွင့်အရေးအဖွဲ့တွေကလည်း တရုတ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မီးမောင်းထိုးပြတဲ့အနေနဲ့ အားကစားပွဲတော်ကို သပိတ်မှောက်ကြဖို့ စပွန်ဆာကုမ္ပဏီတွေနဲ့ အားကစားသမားတွေကို လှုံ့ဆော်နေပါတယ်။