close

ဆေးမင်းတောရဲစခန်း

close

May 8, 2022

ဆေးမင်းတောရဲစခန်းကို စွန့်ခွာလာသည့် ရဲနှင့်စစ်ကောင်စီ တပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ဆေးမင်းတောရဲစခန်းကနေ စခန်းစွန့်ခွာလာတဲ့ ရဲတွေနဲ့ စစ်ကောင်စီတပ်သားတွေ မေ ၇ ရက်နေ့မွန်းလွဲပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၁၀ ယောက်လောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ YDF-ထီးလင်းက ပြောပါတယ်။

ထီးလင်းမြို့နယ် ဆေးမင်းတောရဲစခန်းကနေ စခန်းစွန့်ခွာလာတဲ့ ရဲအင်အား ၄၀ အပါအဝင် တပ်မ ၁၁ က စစ်ကောင်စီတပ်အင်အား ၁၂၀ လောက်ပါတဲ့ စစ်ကြောင်းကို YDF-ထီးလင်းက ဇီးတောကျေးရွာနားမှာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်လောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ YDF-ထီးလင်းရဲ့ ခေါင်းဆောင် သခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့လာတဲ့ လမ်းကြောင်းကို ဇီးတောကျေးရွာမရောက်ခင်မှာ ကျနော်တို့ဘက်က မိုင်းဘီလူးအကြီးဆွဲပြီး ​တိုက်ခိုက်တာဗျ။ မိုင်းက တလုံးကို ယမ်းပိဿာချိန် ၃၀ လောက်ပါတဲ့ မိုင်း ၂ လုံးပေါက်ကွဲခဲ့တယ်။ အဲဒီနောက်မှာ ဒရုန်းနဲ့ ပတ်ကြည်တော့ စစ်ကောင်စီဘက်က ၁၀ ယောက်လောက်မြေပြင်မှာလဲနေတာ တွေ့ရတယ်။ ကျနော်တို့ ခန့်မှန်းတာကတော့ စစ်ကောင်စီဘက်က ၁၀ ယောက်လောက်သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရမယ် ခန့်မှန်းထားတယ်။” 

ဆေးမင်းတောရဲစခန်းက ရဲတွေတွေဟာ လုံခြုံရေးအရ အဲဒီစစ်ကြောင်းနဲ့ လိုက်သွားတာဖြစ်နိုင်သလို သွားကြိုတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရဲနဲ့ စစ်ကောင်စီတပ်တွေဟာ ဆေးမင်းတောရဲစခန်းကို မစွန့်ခွာမီ မေ ၇ ရက်နေ့ မနက်ပိုင်းက နင်းမိုင်းတွေ၊ တိုက်မိုင်းတွေ ထောင်ထားတာကြောင့် YDF-ထီလင်းက သွားရောက်ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

20 mins Ago

May 7, 2022

ထီးလင်းမြို့နယ် ဆေးမင်းတောရဲစခန်းမှ စစ်ကောင်စီတပ် ပြန်ရုပ်သိမ်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ဆေးမင်းတောရဲစခန်းက ရဲတွေနဲ့ စစ်ကောင်စီတပ်သားတွေ မေလ ၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ပြန်လည် ရုပ်သိမ်းသွားပြီလို့  YDF-ထီးလင်းကနေ သိရပါတယ်။

YDF-ထီးလင်းရဲ့ ခေါင်းဆောင် သခင်ဇော်က “ဆေးမင်းတောရဲစခန်းကတော့ ရဲတွေအကုန်လုံးတပ်ခေါက်သွားပြီဗျ။ အဆောက်အအုံတွေက လောလောဆယ် ဒီတိုင်းထားခဲ့ပြီး သူတို့ဘက်က နင်းမိုင်းတွေ၊ တိုက်မိုင်းတွေ ထောင်ထားခဲ့ကြတယ်။ ကျနော်တို့  YDF-ထီးလင်းက အဲဒီမိုင်းတွေကို ရှင်းလင်းရေးလုပ်နေကြတယ်” လို့ ပြောပါတယ်။

ဆေးမင်းတောရဲစခန်းမှာ တပ်ရင်းရဲနဲ့ နယ်မြေခံရဲ ခန့်မှန်းအင်အား ၄၀ နီးပါးလောက်ရှိပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရဲ ၂ ယောက် CDM ပြုလုပ်ပြီး ထွက်ပြေးသွားပြီးနောက် အခုလို တပ်ပြန်ရုပ်သွားတာလို့  YDF-ထီးလင်း ခေါင်းဆောင်က ပြောပါတယ်။

“ကျနော်အမြင်ကတော့ သူတို့က မိုးတွင်းကာလမှာ ခံစစ်ကိုပဲထားမယ်လို့ မင်းအောင်လှိုင်က ညွှန်ကြားချက်ထုတ်ထားတယ်လို့ သိရတယ်။ ရဲကင်းစခန်းတို့ နယ်မြေရဲစခန်းတို့ဆိုတာက တပ်ဖွဲ့ဝင်အင်အားလည်း ဘယ်လောက်မှမရှိတဲ့ စခန်းတွေဖြစ်လို့ ဒီစခန်းတွေကို PDF တွေက ဝင်သိမ်းမယ်ဆိုတာ သူတို့က သုံးသပ်လောက်တယ်ဗျ။ ဒါ့ကြောင့်မို့ စိတ်ဓာတ်ကျပြီး ပြည်သူဘက်ကို အလင်းဝင်လာမှာကိုစိုးရိမ်ပြီး ပြန်ရုပ်သိမ်းလိုက်တဲ့ သဘောပဲ။”

ဆေးမင်းတောရဲစခန်း လက်အောက်မှာရှိတဲ့ ရေမျက်နီ ရဲကင်းစခန်းကိုလည်း မကြာခင်ရက်ပိုင်းအတွင်မှာ ပြန်လည်ရုပ်သိမ်းမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး လတ်တလော ရုပ်သိမ်းတာမတွေ့ရသေးပါဘူး။

ထီးလင်းမြို့နယ် ကျင်းနယ်မြေ ရဲစခန်းကိုလည်း ဧပြီ ၁၇ ရက်မှာ ထီးလင်း PDFက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းမှူး သေဆုံးကာ ရဲ ၂ ယောက် အပြင်းထန်ဒဏ်ရာတဲ့အပြင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရဲစခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သီးခြားသတင်းထုတ်ပြန်တာမတွေရပေမယ့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သတင်းစာရှင်းလင်းပွဲတွေမှာ ရဲစခန်းတွေ သိမ်းပိုက်ခံရတဲ့ ဖြစ်စဥ်တွေကို ပြောကြားလေ့ရှိပါတယ်။

17 hours Ago
Up