close

ဆေးမင်းတောရဲစခန်းကို စွန့်ခွာလာသည့် ရဲနှင့်စစ်ကောင်စီ တပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ဆေးမင်းတောရဲစခန်းကနေ စခန်းစွန့်ခွာလာတဲ့ ရဲတွေနဲ့ စစ်ကောင်စီတပ်သားတွေ မေ ၇ ရက်နေ့မွန်းလွဲပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၁၀ ယောက်လောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ YDF-ထီးလင်းက ပြောပါတယ်။

ထီးလင်းမြို့နယ် ဆေးမင်းတောရဲစခန်းကနေ စခန်းစွန့်ခွာလာတဲ့ ရဲအင်အား ၄၀ အပါအဝင် တပ်မ ၁၁ က စစ်ကောင်စီတပ်အင်အား ၁၂၀ လောက်ပါတဲ့ စစ်ကြောင်းကို YDF-ထီးလင်းက ဇီးတောကျေးရွာနားမှာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်လောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ YDF-ထီးလင်းရဲ့ ခေါင်းဆောင် သခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့လာတဲ့ လမ်းကြောင်းကို ဇီးတောကျေးရွာမရောက်ခင်မှာ ကျနော်တို့ဘက်က မိုင်းဘီလူးအကြီးဆွဲပြီး ​တိုက်ခိုက်တာဗျ။ မိုင်းက တလုံးကို ယမ်းပိဿာချိန် ၃၀ လောက်ပါတဲ့ မိုင်း ၂ လုံးပေါက်ကွဲခဲ့တယ်။ အဲဒီနောက်မှာ ဒရုန်းနဲ့ ပတ်ကြည်တော့ စစ်ကောင်စီဘက်က ၁၀ ယောက်လောက်မြေပြင်မှာလဲနေတာ တွေ့ရတယ်။ ကျနော်တို့ ခန့်မှန်းတာကတော့ စစ်ကောင်စီဘက်က ၁၀ ယောက်လောက်သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရမယ် ခန့်မှန်းထားတယ်။” 

ဆေးမင်းတောရဲစခန်းက ရဲတွေတွေဟာ လုံခြုံရေးအရ အဲဒီစစ်ကြောင်းနဲ့ လိုက်သွားတာဖြစ်နိုင်သလို သွားကြိုတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရဲနဲ့ စစ်ကောင်စီတပ်တွေဟာ ဆေးမင်းတောရဲစခန်းကို မစွန့်ခွာမီ မေ ၇ ရက်နေ့ မနက်ပိုင်းက နင်းမိုင်းတွေ၊ တိုက်မိုင်းတွေ ထောင်ထားတာကြောင့် YDF-ထီလင်းက သွားရောက်ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up