ကမ္ဘာအနှံ့အပြားမှာ ဆေးလိပ်တွေထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ British American Tobacco Plc (BAT) ဟာ အမေရိကန်အစိုးရရဲ့ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုကို ချိုးဖောက်မှုအပါအဝင် စွဲချက်တွေအတွက် အပြစ်ရှိကြောင်း ဝန်ခံအပြီး အမေရိကန်ဒေါ်လာ ၆၃၅ သန်း ဒဏ်ငွေပေးဆောင်ဖို့ သဘောတူခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။
BAT ဟာ သူ့ရဲ့ကုမ္ပဏီခွဲတခုကနေ မြောက်ကိုရီးယားကို ဆေးရွက်ကြီးထွက်ကုန်တွေ ရောင်းချပြီး ဘဏ်လိမ်လည်မှုတွေနဲ့ ဒဏ်ခတ်မှုကို ချိုးဖောက်မှုအပါအဝင် စွဲချက်တွေအတွက် အမေရိကန်တရားရုံးမှာ စွဲချက်တင်ခံခဲ့ရတာပါ။
အထီးကျန် ကွန်မြူနစ်နိုင်ငံ မြောက်ကိုရီးယားဆီ ဆေးလိပ်ရောင်းချမှုဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တာလို့ ကုမ္ပဏီနဲ့ တရားရေးဌာနနှစ်ခုလုံးက ဆိုပါတယ်။
မြောက်ကိုရီးယားဟာ နျူးကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်အတွက် ရန်ပုံငွေထောက်ပံ့မှုကို ဟန့်တားဖို့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
“ဒီအမှုနဲ့ တခြားသူတွေ ကုမ္ပဏီတွေကို သတိပေးဖို့ လုပ်ဆောင်တာပါ” လို့ တရားရေးဌာန၊ အမျိုးသားလုံခြုံရေးဌာနက လက်ထောက်ရှေ့နေချုပ် မက်သယူး အော်လ်ဆန်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒီအမှုဟာ အမေရိကန် တရားရေးဌာနသမိုင်းမှာ “မြောက်ကိုရီးယားနဲ့ပတ်သက်လို့ တခုတည်းသော အကြီးမားဆုံး ဒဏ်ခတ်ပိတ်ဆို့မှု” ကို ကိုယ်စားပြုတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
BAT ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ဆေးရွက်ကြီးအုပ်စုဖြစ်တဲ့ Lucky Strike နဲ့ Dunhill စီးကရက်တွေကို ထုတ်လုပ်ပါတယ်။
သြစတြေးလျရဲတပ်ဖွဲ့နဲ့ အခွန်အရာရှိတွေဟာ နယူးဆောက်ဝေးလ်ပြည်နယ်၊ မူးရ်ဂါမြို့ရှိ အိမ်ရာတအိမ်ကို ဝင်ရောက်စီးနင်းခဲ့တာမှာ တရားမဝင် ဆေးရွက်ကြီး တန်ချိန် ၁၆ တန်လောက်ကို သိမ်းဆည်းရမိပြီး ဖျက်ဆီးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆစ်ဒနီမြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၁၅၀ အကွာမှာ တရားမဝင် ဆေးရွက်ကြီး စိုက်ပျိုးနေကြောင်းကို မနှစ်က သတင်းရရှိပြီးနောက်မှာ ဧပြီ ၅ ရက် မနက် ၁၀ နာရီလောက်က စီးနင်းခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။
ဒီဖမ်းဆီးရမိမှုဟာ ယစ်မျိုးပစ္စည်း ပြည်တွင်းစည်းကြပ်ခွန် ဒေါ်လာ ၂၈ သန်းကျော် ခန့်မှန်းခြေ ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီအမှုမှာပါဝင်ပတ်သက်သူတွေကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းနဲ့ စုံစမ်းမှုတွေကို ဆက်လုပ်ဆောင်နေကြောင်းလည်း ရဲတွေက ဆိုပါတယ်။
သြစတြေးလျမှာ သင့်လျော်တဲ့ ယစ်မျိုးလိုင်စင်မရှိဘဲ ဆေးရွက်ကြီးစိုက်ပျိုးခြင်းက တရားမဝင်ပါဘူး။
ဩစတေးလျအခွန်ရုံးရဲ့ အဆိုအရ ဩစတေးလျမှာ ၂၀၀၆ ခုနှစ်ကတည်းက လိုင်စင်ရ ဆေးရွက်ကြီး စိုက်ပျိုးသူမရှိသေးသလို ၂၀၁၅ ခုနှစ်ကတည်းက လိုင်စင်ရ ဆေးရွက်ကြီး ထုတ်လုပ်သူ မရှိသေးပါဘူး။