close

ဆေးဝါး

close

January 25, 2023

ရုရှားတွင် ဆေးဝါးများပြတ်လပ် ဈေးကြီးနေဟု သမ္မတပူတင် ပြော

ရုရှားနိုင်ငံမှာ ဆေးဝါးတချို့ ပြတ်လပ်နေပြီး နိုင်ငံမှာ ဆေးဝါးတွေ ပိုထုတ်နေပေမဲ့လည်း ဈေးနှုန်းတွေတက်နေကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ဇန်နဝါရီ ၂၄ ရက်မှာ ပြောပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားကျူးကျော်အပြီးမှာ ရုရှားအပေါ် ပိတ်ဆို့ထားတဲ့ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုကနေ ဆေးညွှန်းစာနဲ့ဝယ်ရတဲ့ ဆေးဝါးမျိုးတွေကို ကင်းလွတ်ခွင့်ပေးထားပါတယ်။

ဒါပေမဲ့အဲဒီဆေးဝါးတွေ ရုရှားကို ပို့ဆောင်ဖို့က တိုက်ပွဲတွေနဲ့ တခြားတားမြစ်ကန့်သတ်ချက်တွေကြောင့် သယ်ယူပို့ဆောင်ရေး၊ အာမခံကိစ္စနဲ့ အကောက်ခွန်ဆိုင်ရာ အတားအဆီးတွေကြောင့် ထိခိုက်မှုနေပါတယ်။

“မနှစ်က ပထမ ၃ လပတ်မှာ ဆေးဝါးထုတ်လုပ်မှုက ၂၂ ရာခိုင်နှုန်းလောက် တိုးတက်လာတာကို တွေ့ခဲ့ရပေမဲ့ ဆေးဝါးတချို့ ပြတ်လပ်သွားခဲ့တယ်” လို့ သမ္မတ ပူတင်က တာဝန်ရှိသူတွေနဲ့ အစည်းအဝေးမှာ ပြောပါတယ်။

ဈေးကွက်မှာ ၆၀ ရာခိုင်နှုန်းလောက်က ရုရှား ပြည်တွင်းဆေးဝါးတွေဖြစ်ပေမဲ့ ဈေးနှုန်းတွေ တက်နေတယ်လို့လည်း သူကဆိုပါတယ်။

မနှစ်က ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်စစ်ပြုပြီးချင်းမှာပဲ ရုရှားပြည်သူတွေဟာ ဆေးဝါးတွေကို အလျင်စလို စုဆောင်းခဲ့ကြပြီး သီတင်း ၂ ပတ်အတွင်းမှာ တလစာလောက်ရှိတဲ့ ဆေးဝါးတွေကို ဝယ်ခဲ့ကြတာပါ။

ရုရှားနိုင်ငံဟာ ဥရောပသမဂ္ဂနဲ့ အမေရိကန်ကနေ ဆေးဘက်ဆိုင်ရာ ကိရိယာတွေဖြစ်တဲ့ နှလုံးခုန်စက်နဲ့ ဓာတ်ရောင်ခြည်ကုထုံးကိရိယာ အများအပြားကို တင်သွင်းနေရတာ ဖြစ်ပါတယ်။

15 hours Ago

November 14, 2022

ရခိုင်ပြည်နယ် တိုက်နယ်ဆေးရုံအချို့တွင် ဆေးဝါးပြတ်လပ်နေ

ရခိုင်ပြည်နယ်မှာ၊ စစ်ကောင်စီက ဆေးဝါးတွေကို သယ်ယူခွင့် ပိတ်ပင်ထားတာကြောင့် တိုက်နယ်ဆေးရုံတွေမှာ ဆေးဝါးပြတ်တောက်နေတယ်လို့  ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက သြဂုတ်လကတည်းက ဆေးဝါးသယ်ယူခွင့်တွေ ကန့်သတ်ထားတာကြောင့် အစိုးရက အခမဲ့ထောက်ပံ့တဲ့ဆေးရော၊ ကုမ္ပဏီက ဝယ်ယူရတဲ့ ဆေးတွေပါ ပြတ်တောက်လာပြီး အရေးပေါ်လူနာတွေကိုသာ ဦးစားပေးကုပေးလာရတဲ့ အခြေအနေတွေ ဖြစ်လာတယ်လို့ အမည်မဖော်လိုတဲ့ ကျန်းမာရေး ဝန်ထမ်းတယောက်က ပြောပါတယ်။

“ဆေးတွေက အရင်လို ကုမ္ပဏီကဆေးတွေကို ဝယ်လို့လည်း မရသလို အစိုးရကပေးတဲ့ ဆေးတွေလည်း ပုံမှန်မရတော့ဘူး။ တချို့မြို့နယ်တွေက တိုက်နယ်ဆေးရုံတွေမှာဆိုရင် ဆေးတွေ ပြတ်တောက်လာတာကြောင့် အရေးပေါ်လူနာတွေကို ဦးစားပေးပြီး ကုရတဲ့အထိ ဖြစ်လာနေတယ်။ တချို့ တခါသုံး ဆေးအသုံးအဆောင်တွေကိုတောင် ပိုးသတ်ပြီး ထပ်သုံးရတာတွေတောင် ရှိလာနေကြတယ်။ ဒီအတိုင်းသာ ဆေးဝါးတွေကို ထပ်မံပိတ်ပင်ထားရင်တော့ အခြေအနေက တော်တော်လေးကို  ဆိုးရွားလာနိုင်တယ်။”

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် စစ်ကောင်စီက မြို့နယ်တချို့ကို ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေအကြား စားဝတ်နေရေးနဲ့ ဆေးဝါးကုသမှုတွေ တော်တော်လေး ခက်ခဲလာနေကြပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကို ကုန်းလမ်း ရေလမ်းတွေ ပိတ်ဆို့ထားသလို နိုဝင်ဘာ ၁၀ ရက်နေ့ကတည်းက အာရှအဝေးပြေး ကားလမ်းမကြီးကို ပိတ်ဆို့ထားတာကြောင့် ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ကားရာချီ ပိတ်ဆို့ခဲ့ပါတယ်။

2 months Ago
Up