ရုရှားတွင် ဆေးဝါးများပြတ်လပ် ဈေးကြီးနေဟု သမ္မတပူတင် ပြော

ရုရှားနိုင်ငံမှာ ဆေးဝါးတချို့ ပြတ်လပ်နေပြီး နိုင်ငံမှာ ဆေးဝါးတွေ ပိုထုတ်နေပေမဲ့လည်း ဈေးနှုန်းတွေတက်နေကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ဇန်နဝါရီ ၂၄ ရက်မှာ ပြောပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားကျူးကျော်အပြီးမှာ ရုရှားအပေါ် ပိတ်ဆို့ထားတဲ့ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုကနေ ဆေးညွှန်းစာနဲ့ဝယ်ရတဲ့ ဆေးဝါးမျိုးတွေကို ကင်းလွတ်ခွင့်ပေးထားပါတယ်။
ဒါပေမဲ့အဲဒီဆေးဝါးတွေ ရုရှားကို ပို့ဆောင်ဖို့က တိုက်ပွဲတွေနဲ့ တခြားတားမြစ်ကန့်သတ်ချက်တွေကြောင့် သယ်ယူပို့ဆောင်ရေး၊ အာမခံကိစ္စနဲ့ အကောက်ခွန်ဆိုင်ရာ အတားအဆီးတွေကြောင့် ထိခိုက်မှုနေပါတယ်။
“မနှစ်က ပထမ ၃ လပတ်မှာ ဆေးဝါးထုတ်လုပ်မှုက ၂၂ ရာခိုင်နှုန်းလောက် တိုးတက်လာတာကို တွေ့ခဲ့ရပေမဲ့ ဆေးဝါးတချို့ ပြတ်လပ်သွားခဲ့တယ်” လို့ သမ္မတ ပူတင်က တာဝန်ရှိသူတွေနဲ့ အစည်းအဝေးမှာ ပြောပါတယ်။
ဈေးကွက်မှာ ၆၀ ရာခိုင်နှုန်းလောက်က ရုရှား ပြည်တွင်းဆေးဝါးတွေဖြစ်ပေမဲ့ ဈေးနှုန်းတွေ တက်နေတယ်လို့လည်း သူကဆိုပါတယ်။
မနှစ်က ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်စစ်ပြုပြီးချင်းမှာပဲ ရုရှားပြည်သူတွေဟာ ဆေးဝါးတွေကို အလျင်စလို စုဆောင်းခဲ့ကြပြီး သီတင်း ၂ ပတ်အတွင်းမှာ တလစာလောက်ရှိတဲ့ ဆေးဝါးတွေကို ဝယ်ခဲ့ကြတာပါ။
ရုရှားနိုင်ငံဟာ ဥရောပသမဂ္ဂနဲ့ အမေရိကန်ကနေ ဆေးဘက်ဆိုင်ရာ ကိရိယာတွေဖြစ်တဲ့ နှလုံးခုန်စက်နဲ့ ဓာတ်ရောင်ခြည်ကုထုံးကိရိယာ အများအပြားကို တင်သွင်းနေရတာ ဖြစ်ပါတယ်။