ကာတာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေမှာ ပေါ်တူဂီနဲ့ မော်ရိုကိုအသင်းတွေ ပြိုင်ဘက်တွေကို အသီးသီးအနိုင်ရပြီး နောက်တဆင့် ကွာတားဖိုင်နယ်ပွဲစဉ်ကို တက်ရောက်သွားပါတယ်။
ဒီမနက်အစောပိုင်းကန်သွားတဲ့ ပေါ်တူဂီနဲ့ ဆွစ်ဇာလန်တို့ ပွဲစဉ်မှာ ပေါ်တူဂီက ( ၆-၁) ဂိုးနဲ့ ဂိုးပြတ်သွင်းယူ အောင်ပွဲခံပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားတာဖြစ်ပါတယ်။
ပေါ်တူဂီအတွက် အနိုဂိုးတွေကိုတော့ ဂွန်ကာလိုရာမို့စ်က ပွဲချိန် ၁၇ မိနစ်၊ ၅၁ မိနစ်နဲ့ ၆၇ မိနစ်တွေမှာ ၃ ဂိုးသွင်းယူပေးခဲ့ပြီး အခုနှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး ဟတ်ထရစ် ၃ ဂိုးသွင်းယူနိုင်တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်သွားသလို ဒီပွဲရဲ့ ပွဲစဉ်အလိုက် အကောင်းဆုံး ဘောလုံးသမားဆုပါ ချီးမြှင့်ခံခဲ့ရပါတယ်။
ပေါ်တူဂီအတွက် နောက်ထပ်အနိုင်ဂိုးတွေကိုတော့ ပီပီက ၃၃ မိနစ်မှာ တဂိုး၊ ဂယ်ဟေရိုက ၅၅ မိနစ်မှာ တဂိုး၊ ရာဖယ်လ်လီရာအိုက မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၂ မိနစ်မှာ တဂိုး သွင်းယူပေးခဲ့ပါတယ်။
အသင်းခေါင်းဆောင် စီရော်နယ်ဒိုကတော့ ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားခွင့်မရဘဲ ပွဲချိန် မိနစ် ၇၀ နောက်ပိုင်းမှာမှ လူစားလဲ ဝင်ရောက်ကစားခွင့်ရခဲ့ပြီး သူသွင်းယူခဲ့တဲ့ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခံရလို့ ဂိုးမရခဲ့ပါဘူး။
ဒီပွဲမှာ ဆွစ်ဇာလန်အသင်းက ဘောလုံးပိုင်ဆိုင်မှုပိုရခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့်တွေလည် ရခဲ့ပေမဲ့ ဂိုး ဝင်အောင် မသွင်းနိုင်ခဲ့ဘဲ ပွဲချိန် ၅၈ မိနစ်မှာ ဆွစ်ဇာလန်အသင်းအတွက် ချေပဂိုး ၁ ဂိုးကို အခန်ဂျီက သွင်းယူပေးခဲ့ပါတယ်။
အစောပိုင်းကန်သွားတဲ့ ကမ္ဘာ့ချံပီယံဟောင်း စပိန်အသင်းနဲ့ မော်ရိုကိုအသင်းတို့ပွဲစဉ်မှာ ပုံမှန်ပွဲချိန် မိနစ် ၉၀ နဲ့ အချိန်ပိုမှာ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ကြလို့ ပင်နယ်တီအဆုံးအဖြတ် ကန်ရာမှာ မော်ရိုကိုက (၃-၀) နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်သွားပါတယ်။
ဒီပွဲမှာ နာမည်ကြီးစပိန်အသင်းဟာ မော်ရိုကိုအသင်းထက် ဘောလုံးပိုင်ဆိုင်မှု ၇၇ ရာခိုင်နှုန်းအထိရရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့်တွေလည်း များစွာရခဲ့ပေမဲ့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။
ပင်နယ်တီအဆုံးအဖြစ်ကန်ရာမှာ စပိန်ဘက်က ကန်သွင်းတဲ့ဘောလုံးကို ဂိုးမဝင်အောင်ကာကွယ် ပေးနိုင်ခဲ့တဲ့ မော်ရိုကို ဂိုးသမား ဘူနိုက ဒီပွဲမှာ ပွဲစဉ်အလိုက် အကောင်းဆုံးဘောလုံသမားဆုရရှိသွားပါတယ်။
လာမယ့်ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ပေါ်တူဂီအသင်းနဲ့ မော်ရိုကိုအသင်းတို့ တွေ့ဆုံ ယှဉ်ပြိုင်ကစားကြရာမှာ ဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နိုဝင်ဘာ ၂၄ ရက်ညပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားကြရာမှာ ဘရာဇီး၊ ပေါ်တူဂီနဲ့ ဆွစ်ဇာလန်အသင်းတွေအနိုင်ရပြီး တောင်ကိုရီးယားနဲ့ ဥရုဂွေးအသင်းတို့ သရေကျသွားပါတယ်။
မြန်မာအချိန်ဒီမနက်အစောပိုင်းကန်သွားတဲ့ အုပ်စု (G) ပွဲစဉ်မှာ ဗိုလ်စွဲနိုင်တယ်လို့ ရေးပန်းစားနေတဲ့ နာမည်ကြီး ဘရာဇီးအသင်းက ဆားဘီးယားအသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်ပါ အသာစီးရခဲ့တဲ့ ဘရာဇီးအသင်းသားတွေ ကောင်းကောင်းခြေစွမ်းပြကစားသွားနိုင်ခဲ့ပြီး နေမာဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ရစ်ချာလီဆန်က အနိုင် ဂိုး၂ ဂိုးစလုံးကို ပွဲချိန် ၆၂ မိနစ်နဲ့ ၇၃ မိနစ်တွေမှာ လှလှပပ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အုပ်စု ( G ) တခြားပွဲစဉ်ဖြစ်တဲ့ ဆွစ်ဇာလန်နဲ့ ကင်မရွန်းတို့ပွဲစဉ်မှာတော့ ဆွစ်ဇာလန်က (၁-၀) ဂိုးနဲ့ အနိုင်ရပြီး ၃ မှတ်၇သွားပါတယ်။
အုပ်စု (H) အဖွင့်ပွဲစဉ်တွေမှာတော့ စီရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီအသင်းက ဂါနာအသင်းကို (၃-၂) ဂိုးနဲ့ အနိုင်ရပြီး ၃ မှတ်ရသွားပါတယ်။
ဒီပွဲပထမပိုင်းမှာ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ကြပဲ ဒုတိယပိုင်းမှာတော့ ပေါ်တူဂီအတွက် အဖွင့်ဂိုးကို စီရော်နယ်ဒိုက ပွဲချိန် ၆၅ မိနစ်မှာ ပင်နယ်တီက တဆင့်သွင်းယူပေးခဲ့ပြီး ပွဲချိန် ၇၈ မိနစ်မှာ ဖီလစ်စကွီရီယာက တဂိုး ပွဲချိန် မိနစ် ၈၀ မှာ ဒီကွန်စီကာအိုလီရာအိုက တဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဂါနာအတွက် ချေပဂိုးတွေကိုတော့ ၇၃ မိနစ်မှာ အေအယောက တဂိုးနဲ့ ပွဲချိန် ၈၉ မိနစ်မှာ ဘူခါရီက တဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ရော်နယ်ဒိုဟာ အကောင်းဆုံးကစားသမားအဖြစ်လည်းရွေးချယ်ခံရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အုပ်စု (H) တခြားပွဲစဉ်တခုမှာတော့ ဥရုဂွေးအသင်းနဲ့ တောင်ကိုရီးယားအသင်းတို့ ဂိုးမရှိသရေကျပြီး တမှတ်စီ ခွဲယူလိုက်ကြပါတယ်။
ဒီညပွဲစဉ်တွေအပြီးအမှတ်ပေးဇယား အုပ်စု (G) မှာ ဘရာဇီးက အုပ်စုပထမ ၊ ဆွစ်ဇာလန်က ကအုပ်စု ဒုတိယ၊ ကင်မရွန်းနဲ့ ဆားဘီးယားက အမှတ်မရသေးဘဲ အုပ်စု တတိယနဲ့ စတုတ္ထနေရာတွေမှာ အသီးသီးရပ်တည်နေပါတယ်။
အုပ်စု (H) မှာတော့ ပေါ်တူဂီက အုပ်စု ပထမ၊ တောင်ကိုရီးယားနဲ့ ဥရုဂွေးတို့က အုပ်စု ဒုတိယနဲ့ တတိယနေရာအသီးသီးမှာ ရပ်တည်နေပြီး ဂါနာကတော့ အုပ်စု နောက်ဆုံးမှာ ရှိနေပါတယ်။