close

ဘရာဇီး၊ ပေါ်တူဂီနှင့် ဆွစ်ဇာလန်တို့အနိုင်ရ 

၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နိုဝင်ဘာ ၂၄ ရက်ညပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားကြရာမှာ ဘရာဇီး၊  ပေါ်တူဂီနဲ့ ဆွစ်ဇာလန်အသင်းတွေအနိုင်ရပြီး တောင်ကိုရီးယားနဲ့ ဥရုဂွေးအသင်းတို့  သရေကျသွားပါတယ်။

မြန်မာအချိန်ဒီမနက်အစောပိုင်းကန်သွားတဲ့ အုပ်စု (G) ပွဲစဉ်မှာ ဗိုလ်စွဲနိုင်တယ်လို့ ရေးပန်းစားနေတဲ့ နာမည်ကြီး ဘရာဇီးအသင်းက  ဆားဘီးယားအသင်းကို  (၂-၀) ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်ပါ အသာစီးရခဲ့တဲ့ ဘရာဇီးအသင်းသားတွေ ကောင်းကောင်းခြေစွမ်းပြကစားသွားနိုင်ခဲ့ပြီး နေမာဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ရစ်ချာလီဆန်က  အနိုင် ဂိုး၂ ဂိုးစလုံးကို ပွဲချိန် ၆၂ မိနစ်နဲ့ ၇၃ မိနစ်တွေမှာ လှလှပပ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အုပ်စု ( G ) တခြားပွဲစဉ်ဖြစ်တဲ့ ဆွစ်ဇာလန်နဲ့ ကင်မရွန်းတို့ပွဲစဉ်မှာတော့ ဆွစ်ဇာလန်က  (၁-၀) ဂိုးနဲ့ အနိုင်ရပြီး ၃ မှတ်၇သွားပါတယ်။

အုပ်စု (H) အဖွင့်ပွဲစဉ်တွေမှာတော့  စီရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီအသင်းက ဂါနာအသင်းကို (၃-၂) ဂိုးနဲ့ အနိုင်ရပြီး  ၃ မှတ်ရသွားပါတယ်။ 

ဒီပွဲပထမပိုင်းမှာ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ကြပဲ ဒုတိယပိုင်းမှာတော့ ပေါ်တူဂီအတွက် အဖွင့်ဂိုးကို စီရော်နယ်ဒိုက ပွဲချိန် ၆၅ မိနစ်မှာ ပင်နယ်တီက တဆင့်သွင်းယူပေးခဲ့ပြီး ပွဲချိန် ၇၈ မိနစ်မှာ ဖီလစ်စကွီရီယာက တဂိုး ပွဲချိန် မိနစ် ၈၀ မှာ ဒီကွန်စီကာအိုလီရာအိုက တဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။  

ဂါနာအတွက် ချေပဂိုးတွေကိုတော့ ၇၃ မိနစ်မှာ အေအယောက တဂိုးနဲ့ ပွဲချိန် ၈၉ မိနစ်မှာ ဘူခါရီက တဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ရော်နယ်ဒိုဟာ အကောင်းဆုံးကစားသမားအဖြစ်လည်းရွေးချယ်ခံရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

အုပ်စု (H) တခြားပွဲစဉ်တခုမှာတော့  ဥရုဂွေးအသင်းနဲ့ တောင်ကိုရီးယားအသင်းတို့ ဂိုးမရှိသရေကျပြီး တမှတ်စီ ခွဲယူလိုက်ကြပါတယ်။ 

ဒီညပွဲစဉ်တွေအပြီးအမှတ်ပေးဇယား  အုပ်စု (G) မှာ  ဘရာဇီးက အုပ်စုပထမ ၊ ဆွစ်ဇာလန်က ကအုပ်စု ဒုတိယ၊ ကင်မရွန်းနဲ့ ဆားဘီးယားက အမှတ်မရသေးဘဲ အုပ်စု တတိယနဲ့ စတုတ္ထနေရာတွေမှာ အသီးသီးရပ်တည်နေပါတယ်။ 

အုပ်စု (H) မှာတော့ ပေါ်တူဂီက အုပ်စု ပထမ၊ တောင်ကိုရီးယားနဲ့ ဥရုဂွေးတို့က အုပ်စု ဒုတိယနဲ့ တတိယနေရာအသီးသီးမှာ ရပ်တည်နေပြီး ဂါနာကတော့ အုပ်စု နောက်ဆုံးမှာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up