မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အန္တရာယ်ပေးနိုင်သူဖြစ်လို့ သတိထားယှဉ်ပြိုင် ကစားသွားရမယ် လို့ ဘာစီလိုနာနည်းပြ ဇာဗီက ပြောပါတယ်။
ဘာစီလိုနာနဲ့ မန်ယူနိုက်တက်တို့ဟာ ယူရိုပါလိဂ် ၃၂ သင်းအဆင့်ပွဲစဉ်အနေနဲ့ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာယှဉ်ပြိုင်သွားရမှာပါ။
ဘာစီလိုနာနည်းပြ ဇာဗီကတော့ ခြေစွမ်းပြနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ အလွန်အန္တရာယ်ရှိတဲ့ ကစားသမားဖြစ်လို့ သတိထားကစားသွားရမှာဖြစ်ကြောင်း၊ သူဟာ လက်ရှိအချိန်မှာ ဥရောပရဲ့ အန္တရာယ်အရှိနိုင်ဆုံးကစားသမားတစ်ဦးဖြစ်ကြောင်း ဇာဗီက ပြောပါတယ်။
ဒါ့အပြင် နည်းပြတန်ဟတ်ဂ်ကိုလည်း ခမ်းနားကြီးကျယ်တဲ့ နည်းပြဖြစ်သလို စိတ်လှုပ်ရှားစရာ နည်းပြလည်းဖြစ်ကြောင်း၊ ဘာစီလိုနာအတွက် ခက်ခဲတဲ့ပွဲစဉ်ဖြစ်ကြောင်း နည်းပြဇာဗီက မှတ်ချက်ပေးခဲ့တာပါ။
မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားအပြီးမှာ ကစားခဲ့တဲ့ ပွဲစဉ် ၁၅ ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြနေတာဖြစ်ပါတယ်။
လာလီဂါချန်ပီယံဆုအတွက် လက်မလျှော့သေးကြောင်း ဘာစီလိုနာနည်းပြ ဇာဗီနဲ့ ကွင်းလယ်လူ ဘူးစကွက်စ်တို့က ပြောသွားပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက်မှာ ဘာစီလိုနာအသင်းက တပွဲလျော့အခြေအနေမှာ ထိပ်ဆုံးက ရီးရဲလ်နဲ့ ၁၂ မှတ်ကွာဟနေတာပါ။
လက်ကျန်ပွဲစဉ်မှာ ဘာစီလိုနာက အနိုင်ရခဲ့မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်နဲ့ ၉ မှတ်သာကွာဟတော့ မှာဖြစ်ပြီး လက်ကျန် ၉ ပွဲအလိုမှာ အပြောင်းအလဲဖြစ်လာနိုင်ပါတယ်။
ဘာစီလိုနာနည်းပြ ဇာဗီကတော့ ချန်ပီယံဆုအတွက် အခွင့်အရေးရှိသေးသလားဆိုတာ မစဉ်းစားပေမယ့် ဘာကိုမှ လက်လျှော့မှာမဟုတ်ကြောင်း ပြောပါတယ်။
“ကျနော်တို့ ချန်ပီယံဖြစ်နိုင်သေးသလားဆိုတာ မသိပေမယ့် ဘာကိုမှတော့ လက်လျှော့သွားမှာမဟုတ်ဘူး။ ချန်ပီယံဆုအတွက် နောက်ကျသွားတာမျိုးလည်း ဖြစ်နိုင်ပေမယ့် မက်ဒရစ်ကို အနိုင်ရခဲ့တာကတော့ ကြီးမားတဲ့အောင်ပွဲဖြစ်တယ်။ ကျနော်တို့ဟာ မက်ဒရစ်ထက် ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်” လို့ နည်းပြဇာဗီက ပြောပါတယ်။
အသင်းခေါင်းဆောင် ဘူးစကွက်စ်ကတော့ ချန်ပီယံဆုအတွက် အခွင့်အရေးအနည်းငယ်ပဲ ရှိတဲ့သည့်တိုင် အဆုံးအထိတိုက်ပွဲဝင် စိတ်နဲ့ ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။
“ကျနော်တို့ အဆုံးအထိ တိုက်ပွဲဝင်သွားပါမယ်။ ချန်ပီယံဖြစ်ဖို့က အလွန်ခက်ခဲပေမယ့် ဘောလုံးမှာ ဘာမဆိုဖြစ်သွားနိုင်တယ်။ ကျနော်တို့ ဘာစီလိုနာအသင်းဖြစ်တယ်” လို့ ဘူးစကွက်စ်က ပြောပါတယ်။
ဘာစီလိုနာအသင်းဟာ နည်းပြ ကိုးမန်း လက်ထက်မှာ ရလဒ်တွေဆိုးရွားခဲ့ပေမယ့် နည်းပြဇာဗီ ရောက်လာချိန်မှာတော့ ရလဒ်ကောင်းမွန်လာခဲ့ပြီး နောက်ဆုံး ၁၂ ပွဲ ဆက်တိုက်ရှုံးပွဲမရှိ ကစားနိုင်ခဲ့ပါတယ်။