ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်ထဲက ရေခဲချောင်းရောင်းသူတယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ရဲတပ်သားကို အရေးယူပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြခဲ့ပေမဲ့ ရက် ၂၀ ကျော်ကြာ အခုအချိန်ထိ ဆောင်ရွက်မပေးသေးဘူးလို့ သေဆုံးသူရဲ့ သူငယ်ချင်းတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက်နေ့က ကျေးရွာတွေကို လှည့်လည်ရေခဲချောင်းရောင်းသူ ဦးခင်မောင်ဆွေကို လေးမျက်နှာရဲကင်းစခန်းက ဖမ်းဆီးခဲ့ပြီး လမ်းမှာပဲ ရဲတပ်သားတယောက်က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ဆိုပါတယ်။
“သူက ရေခဲချောင်းရောင်းဖို့ ခါတိုင်းလိုပဲ သွားနေကျ ဇရက်လှရွာဘက်ကနေ အပြန်လမ်းမှာ လေးမျက်နှာရဲကင်းစခန်းက ဖမ်းဆီးလိုက်တာပါ။ လမ်းမှာ ရဲက ငွေတောင်းတော့ သူက မပေးနိုင်ပါဘူး။ အဲ့ဒိမှာ လေးမျက်နှာ ရဲကင်းစခန်းကို ခေါ်ဆောင်သွားရင်း လမ်းခုလပ်မှာ အပေါ့ သွားချင်လို့ ခွင့်တောင်းတာကို ခွင့်မပေးဘဲ ရဲတပ်သား၊ ဇော်လင်းထွန်း ဆိုသူက သေနတ်နဲ့ ပစ်သတ် လိုက်တာပါ။ နောက် အလောင်းကိုလည်း ပြန်ယူခွင့်မပေးဘူး။ အဲဒီနေ့က ရွာသုဿန်မှာ သင်္ဂြိုဟ်ဖို့ စီစဥ်ထားပြီးသား၊ အဲ့ဒါကို အလောင်းပြန်မပေးဘူး။ ဇီးကုန်း မြို့ပေါ်မှာပဲ ရင်ခွဲရုံကနေ ဖြစ်သလို သင်္ဂြိုဟ်လိုက်ရတယ် " လို့ မိသားစုဝင်တယောက်က ပြောပါတယ်။
အသုဘ ရက်လည်ပြီးနောက် ဇီးကုန်းမြို့ မိုးကောင်းကျောင်းတိုက်က ဘုန်းကြီးဦးဉာဏ ၁ သိန်းနဲ့ ဇီးကုန်းထွေအုပ် ၃ သိန်း လာရောက်လှူဒါန်းခဲ့ပြီး ရဲစခန်းက ငွေ ၄ သိန်းပေးတာကိုတော့ လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။
“သူတို့နဲ့အတူ လေးမျက်နှာ ရဲစခန်းကပါ ငွေ ၄ သိန်းထည့်ပေးလိုက်တယ်ဆိုပြီး ယူလာပါတယ်။ ကာယကံရှင်တွေက ရဲစခန်းကပေးတဲ့ ငွေ ၄ သိန်းကိုလက်မခံပဲ ဘုန်းကြီးနဲ့ ထွေအုပ်က ပေးတဲ့ ကူငွေကိုပဲ လက်ခံ လိုက်တယ်” လို့ မိသားစု၀င်က ပြောပါတယ်။
အဲ့ဒီ လူသတ်မှုအတွက် ဇီးကုန်းမြို့နယ်ထွေအုပ်က ဗိုလ်မှူးကို အကြိမ်ကြိမ် သွားရောက်တိုင်ကြားခဲ့ပေမဲ့ ရက် ၂၀ ကြာတဲ့အထိ အရေးယူဆောင်ရွက်တာမရှိသလို အဲ့ဒီတပ်သားဟာလည်း ဆက်လက်တာ၀န်ထမ်းဆောင်နေတာ တွေ့နေရတယ်လို့ ဇီးကုန်းမြို့နေသူတယောက်က ပြောပါတယ်။
အသက် ၅၂ နှစ်အရွယ် ဦးခင်မောင်ဆွေဟာ နှစ်ပေါင်းများစွာ ဆိုင်ကယ်အစုတ်ကလေးနဲ့ ဒေသတွင်း ကျေးရွာတွေမှာ လှည့်လည်ကာ နှစ်ပေါင်းများစွာရေခဲချောင်းရောင်းပြီး မိသားစုကို ရှာဖွေကျွေးမွေးခဲ့သူဖြစ်ပြီး ပစ်သတ်ခံရတာကြောင့် ကျန်ရစ်သူ သမီးနဲ့ ဇနီးဖြစ်သူတို့ အခက်အခဲ ကြုံနေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ ကလည်း ဇီးကုန်းမြို့နယ်ထဲက လူငယ် ၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၃ ရက်အကြာမှာ အဲ့ဒီအထဲက တယောက်ဖြစ်တဲ့ ကိုဇေယာဖြိုးကို စစ်ကြောရေးမှာ သတ်ပစ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်န၀ါရီ ၁၄ ရက်နေ့ကလည်း ဇီးကုန်းမြို့နယ်နဲ့ကပ်လျက် နတ်တလင်းမြို့နယ်၊ သရက်ကုန်းရွာက အသက် ၂၃ နှစ်အရွယ် ဒုတိယနှစ်ကျောင်းသား မောင်ဝင်းဇော်ထွဋ်ကို တာပွန်မြို့အဝင် စစ်ကောင်စီဂိတ်မှာ ဆိုင်ကယ်လိုင်စင်ဖမ်းရင်းနဲ့ စစ်ကောင်စီက သေနပ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင် ပြည်တွင်း ပုဂ္ဂလိကဘဏ်တခုဖြစ်တဲ့ မြန်မာနိုင်ငံသားများဘဏ် (MCB) ရဲ့ ဘဏ်ခွဲ ၅ ခုကို ပိတ်သိမ်းလိုက်တယ်လို့ အဆိုပါဘဏ်က ဒီဇင်ဘာ ၂၈ ရက်နေ့စွဲနဲ့ အသိပေးကြေညာထားပါတယ်။
ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံသားများဘဏ်ရဲ့ မုံရွာဘဏ်ခွဲ၊ မူဆယ်ဘဏ်ခွဲ(၁)၊ မန္တလေးဘဏ်ခွဲ (၄)၊ တန့်ဆည်ဘဏ်ခွဲ၊ ဇီးကုန်းဘဏ်ခွဲစတဲ့ ဘဏ်ခွဲ ၅ ခုကို ပိတ်သိမ်းပြီးဖြစ်ကြောင်း MCB ဘဏ်က ရင်းနှီးမြှုပ်နှံသူတွေနဲ့ ရှယ်ယာရှင်တွေကို အသိပေး ကြေညာထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားများဘဏ် (MCB) ရန်ကုန်ရုံးချုပ်တာဝန်ရှိသူတဦးက အခုပိတ်တာ စစ်ကိုင်းဘက်က ဘဏ် ၂ ခုဖြစ်ပြီး နိုင်ငံရေးအခြေအနေမကောင်းတာကြောင့် ပိတ်ရတာဖြစ်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။
“ဘာကြောင့်ပိတ်တာလဲဆိုတော့ အဲဒီနယ်မှာ နိုင်ငံရေးအခြေအနေမကောင်းလို့ ခဏပိတ်ထားတာ။ တချို့ဟာတွေက အရင်ကတည်းက ပိတ်ထားတာ။ အခု ပိတ်တာက ၂ ဘဏ်ပဲ ပိတ်တာပေါ့နော်။ စစ်ကိုင်းဘက်ကဟာ ပိတ်တာ။ တန့်ဆည်ဘဏ်ရယ်၊ ဇီးကုန်းဘဏ်ရယ်၊ စစ်ကိုင်းဘက်က ဘဏ်တွေ။ မုံရွာတို့ မူဆယ်တို့၊ မန္တလေးဘဏ်ကတော့ အရင်ကတည်းက ပိတ်ထားတာ ၂၀၂၀ တည်းက ပိတ်တာ။”
ဘာကြောင့် အခုလို ဘဏ်ခွဲတွေကို ပိတ်သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းပြချက်ကိုတော့ ရှယ်ယာရှင်တွေကို အသိပေးထားအကြောင်းကြားခဲ့တာမရှိဘူးလို့ MCB မှာ ရှယ်ယာရှင် ဝင်ထားသူတွေက ပြောပါတယ်။
ရှယ်ယာရှင်တဦးက “ကျနော်တို့ဆီက မနေ့က အကြောင်းကြားစာရောက်တယ်။ ဘဏ်ခွဲငါးခုကို ဖျက်သိမ်းလိုက်ပြီဆိုတာပဲ အသိပေးထားတယ်၊ ဘာကြောင့်ဆိုတာ မသိဘူး။ ဖြစ်နိုင်တာကတော့ ပြီးခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေ စဖြစ်ပြီးကတည်းက ဝင်ငွေတွေ အမြတ်ငွေတွေ လျော့ကျလာတော့ ကုန်ကျစရိတ်တွေ လျှော့ချလိုက်တာဖြစ်မယ်”လို့ ပြောပါတယ်။
အာဏာသိမ်းပြီးတည်းက ဘဏ်ရဲ့ အမြတ်ဝေစုတွေကို ရှင်ယာရှင်တွေကို ခွဲဝေပေးနိုင်ခြင်း မရှိကြောင်းနဲ့ ကိုဗစ်ရောဂါနဲ့ အာဏာသိမ်းမှု အကျပ်အတည်းကြားမှာ ကုန်ကျစရိတ်တွေ လျှော့ပြီးတော့ ဆက်သွားဖို့ စီစဉ်နေတာဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံသားများဘဏ် (MCB) ကို ၁၉၉၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌမှာ ဦးမင်းမင်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်မှာ ရန်ကုန်စတော့အိတ်ချိန်းဝင် အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်လာပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာအထိ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း ၊မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ဘဏ်ခွဲပေါင်း ၄၈ ခုအထိ ဖွင့်လှစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံသားများဘဏ် (MCB) ရဲ့ ရှယ်ယာ အများစုကို ပရီမီယာ၊ အာမို၊ Capital Hypermarket ၊ Capital Construction စတဲ့ လုပ်ငန်းတွေ ပိုင်ဆိုင်ထားတဲ့ CDSG လုပ်ငန်းစုက ပိုင်ဆိုင်ထားပါတယ်။