close

ရန်ကုန်စတော့အိတ်ချိန်းဝင် မြန်မာနိုင်ငံသားများဘဏ် (MCB)၏ ဘဏ်ခွဲ ၅ ခု ပိတ်သိမ်း

ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင် ပြည်တွင်း ပုဂ္ဂလိကဘဏ်တခုဖြစ်တဲ့ မြန်မာနိုင်ငံသားများဘဏ် (MCB) ရဲ့ ဘဏ်ခွဲ ၅ ခုကို ပိတ်သိမ်းလိုက်တယ်လို့ အဆိုပါဘဏ်က  ဒီဇင်ဘာ ၂၈ ရက်နေ့စွဲနဲ့  အသိပေးကြေညာထားပါတယ်။

ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံသားများဘဏ်ရဲ့ မုံရွာဘဏ်ခွဲ၊ မူဆယ်ဘဏ်ခွဲ(၁)၊ မန္တလေးဘဏ်ခွဲ (၄)၊ တန့်ဆည်ဘဏ်ခွဲ၊ ဇီးကုန်းဘဏ်ခွဲစတဲ့ ဘဏ်ခွဲ ၅ ခုကို  ပိတ်သိမ်းပြီးဖြစ်ကြောင်း MCB ဘဏ်က ရင်းနှီးမြှုပ်နှံသူတွေနဲ့ ရှယ်ယာရှင်တွေကို အသိပေး ကြေညာထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားများဘဏ် (MCB) ရန်ကုန်ရုံးချုပ်တာဝန်ရှိသူတဦးက အခုပိတ်တာ စစ်ကိုင်းဘက်က ဘဏ် ၂ ခုဖြစ်ပြီး နိုင်ငံရေးအခြေအနေမကောင်းတာကြောင့် ပိတ်ရတာဖြစ်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။ 

“ဘာကြောင့်ပိတ်တာလဲဆိုတော့ အဲဒီနယ်မှာ နိုင်ငံရေးအခြေအနေမကောင်းလို့ ခဏပိတ်ထားတာ။ တချို့ဟာတွေက အရင်ကတည်းက ပိတ်ထားတာ။ အခု ပိတ်တာက ၂ ဘဏ်ပဲ ပိတ်တာပေါ့နော်။ စစ်ကိုင်းဘက်ကဟာ ပိတ်တာ။ တန့်ဆည်ဘဏ်ရယ်၊ ဇီးကုန်းဘဏ်ရယ်၊ စစ်ကိုင်းဘက်က ဘဏ်တွေ။ မုံရွာတို့ မူဆယ်တို့၊ မန္တလေးဘဏ်ကတော့ အရင်ကတည်းက ပိတ်ထားတာ ၂၀၂၀ တည်းက ပိတ်တာ။” 

ဘာကြောင့် အခုလို ဘဏ်ခွဲတွေကို ပိတ်သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းပြချက်ကိုတော့ ရှယ်ယာရှင်တွေကို အသိပေးထားအကြောင်းကြားခဲ့တာမရှိဘူးလို့ MCB မှာ ရှယ်ယာရှင် ဝင်ထားသူတွေက ပြောပါတယ်။

ရှယ်ယာရှင်တဦးက “ကျနော်တို့ဆီက မနေ့က အကြောင်းကြားစာရောက်တယ်။ ဘဏ်ခွဲငါးခုကို ဖျက်သိမ်းလိုက်ပြီဆိုတာပဲ အသိပေးထားတယ်၊ ဘာကြောင့်ဆိုတာ မသိဘူး။ ဖြစ်နိုင်တာကတော့ ပြီးခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေ စဖြစ်ပြီးကတည်းက ဝင်ငွေတွေ အမြတ်ငွေတွေ လျော့ကျလာတော့ ကုန်ကျစရိတ်တွေ လျှော့ချလိုက်တာဖြစ်မယ်”လို့ ပြောပါတယ်။ 

အာဏာသိမ်းပြီးတည်းက ဘဏ်ရဲ့ အမြတ်ဝေစုတွေကို ရှင်ယာရှင်တွေကို ခွဲဝေပေးနိုင်ခြင်း မရှိကြောင်းနဲ့ ကိုဗစ်ရောဂါနဲ့ အာဏာသိမ်းမှု အကျပ်အတည်းကြားမှာ ကုန်ကျစရိတ်တွေ လျှော့ပြီးတော့ ဆက်သွားဖို့ စီစဉ်နေတာဖြစ်နိုင်တယ်လို့လည်း  ပြောပါတယ်။

မြန်မာနိုင်ငံသားများဘဏ် (MCB) ကို ၁၉၉၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌမှာ ဦးမင်းမင်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်မှာ ရန်ကုန်စတော့အိတ်ချိန်းဝင် အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်လာပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာအထိ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း ၊မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ  ဘဏ်ခွဲပေါင်း ၄၈ ခုအထိ ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံသားများဘဏ် (MCB) ရဲ့ ရှယ်ယာ အများစုကို ပရီမီယာ၊ အာမို၊ Capital Hypermarket ၊ Capital Construction စတဲ့ လုပ်ငန်းတွေ ပိုင်ဆိုင်ထားတဲ့ CDSG လုပ်ငန်းစုက ပိုင်ဆိုင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up