close

ဇေကမ္ဘာဝင်း

close

December 25, 2022

ဇေကမ္ဘာဝင်းအတွင်း အုပ်စုဖွဲ့လုယက်သူများ ဖမ်းမိ၊ စစ်တပ်နှင့် ရဲဝန်ထမ်းဟောင်းများဖြစ်နေ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်း အုပ်စုဖွဲ့လုယက်သူတွေကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ ရက် ည ၉ နာရီလောက်က  ဖမ်းဆီးမိခဲ့ရာမှာ တရားခံတွေဟာ စစ်မှုထမ်းဟောင်းနဲ့ ရဲဝန်ထမ်းဟောင်းတွေဖြစ်နေတယ်လို့ အုပ်ချုပ်ရေးအသိုက်အဝန်းကနေ သိရပါတယ်။

ဇေကမ္ဘာဝင်းအတွင်း နေ့စဥ်ဖုန်းနဲ့ဆိုင်ကယ်တွေကို စစ်တပ်ယူနီဖောင်း၊ ရဲယူနီဖောင်းတွေနဲ့ အုပ်စုလိုက်လုယက်မှု ကျူးလွန်နေသူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဇေကမ္ဘာဝင်းအတွင်းနေထိုင်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဇေကမ္ဘာဝင်းထဲက တိုင်းစစ်ဌာနချုပ်ကို တိုင်လို့ ဖမ်းတာ။ ဖမ်းလိုက်တော့ စစ်သားတစ်ယောက်နဲ့ ရဲငါးယောက်မိတယ် အဲ့ဒါကို အယောင်ဆောင်တွေဆိုပြီး လုပ်လိုက်တယ်။”

ဖမ်းဆီးရမိချိန်မှာ  ခြောက်ဦးအနက် တစ်ဦးက စစ်တပ်ယူနီဖောင်းဝတ်ဆင်ထားပြီး ငါးဦးမှာ ရဲယူနီဖောင်းဝတ်ဆင်ထားကြောင်းနဲ့ ရဲငါးယောက်ကို ရဲစခန်းသို့ ပို့လိုက်ကာ စစ်ကောင်စီတပ်သားတစ်ဦးကိုတော့ စစ်တပ်က ပြန်လည်ခေါ်ဆောင်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"စစ်သားတယောက်ကို စစ်တပ်ကပြန်ခေါ်သွားတယ်။ ရဲငါးယောက်ကိုတော့ တက္ကစီပေါ်တင်ပြီး မင်္ဂလာဒုံရဲစခန်းကို လိုက်တယ်။”

လက်တလေလာ မင်္ဂလာဒုံ မြို့မရဲစခန်းမှာ ရဲဝန်ထမ်းဟောင်းငါးဦးကို  ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ရွှေပြည်သာမြို့နယ်မှာ တက္ကစီယာဥ်တစ်စီးကို လုယက်ခဲ့သူတစ်ဦးကို  လှိုင်သာယာမြို့နယ်မှာ သေနတ်တွေနဲ့ ဖမ်းဆီးရမိခဲ့ရာ ရဲသတင်းပေးတစ်ဦး ဖြစ်နေတယ်လို့ လှိုင်သာယာမြို့ခံတွေဆီက သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ လုယက်မှုနဲ့ ဓာပြတိုက်မှုတွေဖြစ်ခဲ့ပြီး  ပြစ်မှုကျူးလွန်သူတချို့ဟာ စစ်ကောင်စီသတင်းပေးနဲ့ ရဲသတင်းပေးအချို့ဖြစ်တယ်လို့  သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် ဆန့်ကျင်သူတွေကိုလည်း ရဲစခန်းတွေမှာ ဖမ်းဆီးပြီး ငွေညှစ်တာ ပြည်သူတွေရဲ့ နေအိမ်၊ ကားတဲ့ တခြား ပိုင်ဆိုင်မှုတွေကို အဓမ္မသိမ်းဆည်းတာတွေလည်း ရှိနေပါတယ်။ 

6 mins Ago

July 9, 2022

JW(ADK) အထည်ချုပ်စက်ရုံအလုပ်သမားများ၏ တောင်းဆိုချက်များ အပြည့်အဝ မရသေး

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းထဲက JW(ADK) အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ အပြည့်အဝမရသေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

JW(ADK) စက်ရုံအလုပ်သမားတွေဟာ လုပ်ခလစာလျှော့ချခံရတာ အပါအဝင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေအတွက် ဇူလိုင် ၇ ရက်က အဲဒီစက်ရုံအတွင်း ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

အဲဒီလိုဆန္ဒပြတောင်းဆိုမူကြောင့် စစ်ကောင်စီတပ်တွေရောက်လာပြီး စက်ရုံတာဝန်ရှိသူတွေနဲ့ အလုပ်သမားဘက်က ကိုယ်စားလှယ်တွေ ညှိနှိုင်းဆွေးနွေးစေခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမားခေါင်းဆောင်တဦးက “ဆွေးနွေးမှုအရတော့ ဇွန်လက လစာနှုန်းအတိုင်း စက်ရုံက ပြန်ဖြည့်ပေးတယ်။အဲဒီတချက်ကတော့ ပြေလည်သွားတယ်ပေါ့။ အလုပ်သမားတွေက စက်ရုံဝင်းထဲ ကိုယ့်အခွင့်အရေးကိုယ် တောင်းဆိုတာ။ နိုင်ငံရေးကိစ္စမဟုတ်တဲ့အတွက် အရေးယူတာတော့ မရှိဘူး” လို့ ပြောပါတယ်။

အဲဒီစက်ရုံအလုပ်သမားတွေဟာ နေ့ကြေး တိုးပေးဖို့၊ ထုတ်လုပ်မှုဆုကြေးပုံမှန် ပေးဖို့၊ ကျွမ်းကျင်ကြေးပေးဖို့၊ ရက်မှန်ကြေးတိုးဖို့၊ စနေနေ့  ၄ နာရီ လွှတ်ပေးဖို့၊ တနင်္ဂနွေ အချိန်ပိုကြေး လက်ငင်းပေးဖို့၊ ဆေးခွင့်၊ ရှောင်တခွင်ခွင့်၊ လုပ်သက်ခွင့်ပေးဖို့၊ စက်ရုံတရုံလုံးလစာ ၆ လပိုင်းအတွက် တွက်ချက်ပေးဖို့ ဆိုတဲ့အချက်တွေ တောင်းဆိုခဲ့ကြတာပါ။

ဒါ့အပြင် အလုပ်သမားအဖွဲ့ အသစ်ဖွဲ့စည်းဖို့၊  အလုပ်ကြီးကြပ်သူတွေ ဆဲဆိုခြင်းမပြုဖို့၊ ၃ ရက်ပျက်လျှင် အလုပ်မဖြုတ်ဖို့၊ အခုလအတွက် လစာချက်ချင်းပြန်တွက်ပေးဖို့၊ ဆန္ဒပြအလုပ်သမားတွေကို လုပ်အားခမဖြတ်ဖို့၊ အလုပ်မထုတ်ဖို့၊ ဘယ်လိုအရေးယူမှုမှမလုပ်ဖို့ စတဲ့အချက်တွေလည်း တောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမားခေါင်းဆောင်က “ကျန်တောင်းဆိုချက်တွေကတော့ ဆက်စောင့်ကြည့်ရဦးမယ်။ စက်ရုံဘက်က အချိန်ယူ ပြင်ဆင်လုပ်ရမှာတွေ ဖြစ်နေတာဆိုတော့လေ” လို့ ပြောပါတယ်။

JW အထည်ချုပ်စက်ရုံဟာ (ADK) စက်ရုံခွဲတခု ဖြစ်ပြီး အလုပ်သမားပေါင်း ၂၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ စက်ရုံဖြစ်ပါတယ်။

ဇူလိုင် ၇ ရက်က JW(ADK) စက်ရုံလုပ်သားတွေရဲ့ဆန္ဒပြမှုဟာ စစ်အာဏာသိမ်းကာလအတွင်း အလုပ်သမားတွေအခွင့်အရေးအတွက် တောင်းဆိုတဲ့ ပထမဆုံးဆန္ဒပြမှုလည်း ဖြစ်ပါတယ်။

6 months Ago
Up