ပြည်တွင်းဆန်စျေးမြင့်နေလို့ စစ်ကောင်စီက ဆန်စျေးကွက်ကို ဝင်ရောက် ထိန်းချုပ်လိုက်တာကြောင့် ပြီးခဲ့တဲ့ မတ်လမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ပြည်ပဆန်တင်ပို့မှုက မရှိသလောက်ဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့ စာရင်းအရဆိုရင် ပြီးခဲ့တဲ့ မတ်လမှာ နယ်စပ် ဆန်တင်ပို့မှုက တန်ချိန် ၂၇၀ ခန့်သာရှိခဲ့ပါတယ်။ အဲဒီမတိုင်ခင် ဖေဖော်ဝါရီလမှာ တင်ပို့မှုက တန်ချိန် ၅ သောင်းကျော်ထိ ရှိခဲ့တာဖြစ်လို့ ၁၀၀ ရာခိုင်နှုန်းနီးပါး လျော့ကျခဲ့တာပါ။
စစ်ကောင်စီဟာ ပြည်တွင်းဆန်စျေးမြင့်နေလို့ ပြည်ပတင်ပို့မှုကို ပမာဏ ကန့်သတ်လိုက်ပြီး ဆန်တင်ပို့မှုလိုင်စင် အသစ်ချထားခြင်း မရှိတော့တာကြောင့် လက်ရှိ မူဆယ်နယ်စပ်ဆန်စျေးကွက်မှာ တင်ပို့မှုရပ်ဆိုင်းလုနီးပါး ဖြစ်နေတယ်လို့ ဆန်ကုန်သည်တွေဆီက ပြောပါတယ်။
ဒါ့အပြင် ပို့ကုန်ရငွေကို ဗဟိုဘဏ်ပေါက်စျေးနဲ့ မြန်မာငွေ မဖြစ်မနေလဲလှယ်ရမယ်ဆိုတဲ့ မူဝါဒကြောင့်လည်း ကုန်သည်တွေ တွက်ခြေမကိုက်တာကြောင့် နယ်စပ်ဆန်တင်ပို့မှု တုံ့ဆိုင်းနေတယ်လို့ ဆိုပါတယ်။
ဆန်ကုန်သည်တဦးက “လိုင်စင်အသစ်ကို ဖေဖော်ဝါရီကတည်းက မထုတ်ပေးတော့ဘူး။ နောက်တစ်ခုက ပို့ကုန်ငွေ ၆၅/၃၅ သတ်မှတ်လိုက်တော့ အကျိုးအမြတ်မရှိလို့ ကုန်သည်တွေက မတင်ကြတာလည်းပါတယ်” လို့ ပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေးမှာ ဆန်နဲ့ဆန်ကွဲ ပို့ကုန်ကနေရတဲ့ နိုင်ငံခြားငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ထားတဲေ နှုန်းထားနဲ့ မြန်မာကျပ်ငွေ မဖြစ်မနေ လဲလှယ်ရမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက မတ် ၁ ရက်ကစပြီး သတ်မှတ်ထားတာပါ။
အခုထပ်မံပြီး ပြည်ပဆန်တင်ပို့မှုကို တလ ဆန်တန်ချိန် ၁ သိန်းခွဲလောက်သာ တင်ပို့ခွင့်ပြုဖို့ စီစဉ်နေတယ်လို့လည်း ဆန်စပါးလုပ်ငန်းအသိုက်အဝန်းက သိရပါတယ်။
အဲဒီ ဆန်စပါးတင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ပြည်ပဆန်တင်ပို့မှုက ၂၀၂၃ ဖေဖော်ဝါရီလမှာ တန်ချိန် ၁ ဒသမ ၉ သိန်းကျော်ရှိခဲ့ပေမဲ့ မတ်လမှာတော့ တန်ချိန် ၁ ဒသမ ၆ သိန်းကျော်သာ ရှိခဲ့ပါတယ်။ တန်ချိန် ၃သောင်း ဝန်းကျင် အရင်လထက် လျော့ကျခဲ့ပါတယ်။
တဖက်မှာလည်း ပြည်တွင်းဆန်စျေးနှုန်း မြင့်တက်နေတာက ဆန်တင်ပို့ရောင်းချရာမှာလည်း အကျိုးအမြတ် နည်းစေတာကြောင့် လုပ်ငန်းရပ်ဆိုင်းထားမှုတွေ ရှိလာတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေးသွင်းအားစုစျေးနှုန်းတွေနဲ့ သယ်ယူစရိတ်တွေ မြင့်တက်လာသလို လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တချို့ဒေသတွေမှာ စိုက်ပျိုးရေး အပြည့်အဝ မဆောင်ရွက်နိုင်တာ၊ လျှပ်စစ်မီးမမှန်တာ၊ စပါးအထွက်နှုန်းအပေါ်မှာ စိုးရိမ်ပြီး ဝယ်ယူသိုလှောင်တာတွေရှိနေတာ စတဲ့အချက်တွေကြောင့် မြန်မာပြည်တွင်း ဆန်စပါးစျေးနှုန်းတွေက အရင်နှစ်တွေထက် စံချိန်တင် ထူးကဲမြင့်တက်နေပါတယ်။
ဆန်တင်ပို့မှုလျော့ကျပါက နွေစပါးလှိုင်လှိုင်ပေါ်ချိန် စပါးစျေးအထိုက်အလျောက် ပြန်ကျလာနိုင်ပြီး စပါးစိုက်တောင်သူတွေကို ထိခိုက်စေနိုင်တာကြောင့် သေချာဆန်းစစ် လုပ်ဆောင်သင့်တယ်လို့ ကုန်သည်တချို့က ထောက်ပြကြပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့မှုအနေနဲ့ အခု ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်မှာ တန်ချိန် ၂.၂ သန်းကျော်၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၅၃သန်းကျော် ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ - ၂၀၂၁-၂၀၂၂ ကာလတူမှာတော့ တန်ချိန် ၂.၁ သန်းကျော်၊ ပို့ကုန်ဝင်ငွေ ၈၀၉ သန်းကျော် ရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ် ၃၁ ရက်နေ့ကုန်ဆုံးတဲ့ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်မှာ အရင်နှစ်ကာလတူထက် တန်ချိန် ၁ သိန်းဝန်းကျင် ပိုတိုးတက်တင်ပို့နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် ၂.၅ သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ရရှိဖို့ လျာထားဆောင်ရွက်သွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
စျေးကွက်အတွင်း မိုးစပါးဆန်အသစ်တွေ ဝင်ရောက်နေပေမဲ့ အမျိုးအစားအလိုက် ဆန်တအိတ်ကို ကျပ် ၂,၀၀၀ ကနေ ၃,၀၀၀ အထိ စျေးနှုန်း ထပ်မံမြင့်တက်လာတယ်လို့ ဆန် လက်လီအရောင်းဆိုင်တွေဆီက သိရပါတယ်။
ပြည်တွင်း ဆန်လက်လီစျေးကွက်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်က ဧရာဝတီပေါ်ဆန်း ဆန်ဟောင်း (၁၀၈ ပေါင်) တအိတ်ကို ကျပ် ၇၅,၀၀၀ ရှိခဲ့ရာက အခုအခါ ၇၈,၀၀၀ ကျပ်ထိ စျေးနှုန်းမြင့်တက်လာပါတယ်။ အလားတူ ရက် ၉၀ ဆန်ဟောင်း တအိတ်ကို ၅၆,၀၀၀ ကျပ်ကနေ အခု ၅၈,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန် တအိတ်ကို အရင် ၉၉,၀၀၀ ကျပ်ကနေ အခု ၁၀၂,၀၀၀ ကျပ်အထိ အသီးသီး စျေးနှုန်းမြင့်တက်နေပါတယ်။
ပြည်တွင်းဆန်စျေးနှုန်း မြင့်တက်နေတဲ့ အဓိကအကြောင်းရင်းက အခုနှစ်မှာ မိုးစပါး အထွက်နည်းပြီး စံချိန်တင် စပါးစျေးကောင်းနေတာ၊ မိုးစပါးပေါ်ချိန် ကုန်သည် လှောင်လက်တွေက ဝယ်ယူစုဆောင်းတာတွေ ရှိနေတာ၊ စစ်ကောင်စီက တပ်ရိက္ခာအတွက် ဝယ်ယူနေတာ၊ ပြည်ပကို ဆန်တင်ပို့မှု အားကောင်းနေတာ စတဲ့အချက်တွေကြောင့် ဖြစ်တယ်လို့ ဆန်စပါးလုပ်ငန်းရှင်တဦးက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ မိုးစပါးအသစ်ပေါ်ချိန်က စပါးတင်း ၁၀၀ ကို အမြင့်ဆုံး ကျပ် ၈ သိန်းကျော်သာ ရှိခဲ့ပေမဲ့ အခုနှစ် မိုးစပါးမှာတော့ တင်း ၁၀၀ ကို အမျိုးအစားအလိုက် ကျပ် ၁၂ သိန်းအထက်ကနေ အမြင့်ဆုံး ကျပ် ၁၄ သိန်းကျော်ထိ ရှိနေပါတယ်။ တနှစ်အတွင်း စပါးစျေး ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းထိ မြင့်တက်နေတာပါ။
ဧရာဝတီတိုင်းက စပါးစိုက်တောင်သူတဦးက “စပါးစျေးကတော့ ဒီနှစ် အကျမရှိဘူး။ တက်ပြီးရင်း တက်နေတာ။ အဝယ်လည်းရှိတယ်။ တက်မှလည်းဖြစ်မှာ၊ ဒီနှစ် စိုက်ပျိုးစရိတ် ကုန်ကျစရိတ်က များတယ်လေ။ ဧရာဝတီတိုင်းမှာတော့ လှောင်လက်တွေ တောက်လျှောက်ဝယ်နေတယ်” လို့ ပြောပါတယ်။
အခုလို စပါးစျေးရော၊ ဆန်စျေးပါ စံချိန်တင် စျေးမြင့်တက်နေပေမဲ့ တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အခုနှစ် မိုးစပါး စပါးတင်း ၁၀၀ ရဲ့ အခြေခံဈေးနှုန်းကို ကျပ် ၆၃၀,၀၀၀ သာ သတ်မှတ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်ကထွက်ရှိတဲ့ မိုးစပါးကို အခြေခံရည်ညွှန်းစျေး ၅၄၀,၀၀၀ သာ သတ်မှတ်ခဲ့ပြီး အခုနှစ် မိုးစပါးမှာ ကျပ်တသိန်းဝန်းကျင် တိုးမြှင့်သတ်မှတ်ခဲ့ပေမဲ့ ဒီစျေးနှုန်းက လယ်သမားတွေအတွက် တွက်ခြေကိုက်တဲ့စျေး မဟုတ်ပါဘူး။
အခုနှစ် မိုးစပါးစိုက်ပျိုးချိန်မှာ သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေသြဇာ၊ မြေဆီ၊ ပိုးသတ်ဆေး၊ အပင်အားဆေး အစရှိတဲ့ သွင်းအားစုစျေးနှုန်းတွေ ကြီးမြင့်နေတာကြောင့် တောင်သူတွေဟာ စိုက်ပျိုးစရိတ်ငွေ ပိုကုန်ကျခဲ့ရပြီး အများစုက သွင်းအားစုကို လျှော့ချသုံးစွဲခဲ့ရတာဖြစ်လို့ အခုစပါးပေါ်ချိန်မှာ အထွက်နှုန်းကျဆင်းတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတာပါ။