close

ဈေးကွက်အတွင်း ဆန်သစ်များ ဝင်ရောက်နေသော်လည်း ဆန်ဈေးနှုန်း ထပ်မံမြင့်တက်

စျေးကွက်အတွင်း မိုးစပါးဆန်အသစ်တွေ ဝင်ရောက်နေပေမဲ့ အမျိုးအစားအလိုက် ဆန်တအိတ်ကို ကျပ် ၂,၀၀၀ ကနေ  ၃,၀၀၀ အထိ စျေးနှုန်း ထပ်မံမြင့်တက်လာတယ်လို့ ဆန် လက်လီအရောင်းဆိုင်တွေဆီက သိရပါတယ်။

ပြည်တွင်း ဆန်လက်လီစျေးကွက်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်က  ဧရာဝတီပေါ်ဆန်း ဆန်ဟောင်း (၁၀၈ ပေါင်) တအိတ်ကို ကျပ် ၇၅,၀၀၀ ရှိခဲ့ရာက အခုအခါ ၇၈,၀၀၀ ကျပ်ထိ စျေးနှုန်းမြင့်တက်လာပါတယ်။ အလားတူ ရက် ၉၀ ဆန်ဟောင်း တအိတ်ကို ၅၆,၀၀၀ ကျပ်ကနေ အခု ၅၈,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန် တအိတ်ကို အရင် ၉၉,၀၀၀ ကျပ်ကနေ  အခု ၁၀၂,၀၀၀ ကျပ်အထိ အသီးသီး စျေးနှုန်းမြင့်တက်နေပါတယ်။

ပြည်တွင်းဆန်စျေးနှုန်း မြင့်တက်နေတဲ့ အဓိကအကြောင်းရင်းက အခုနှစ်မှာ မိုးစပါး အထွက်နည်းပြီး စံချိန်တင် စပါးစျေးကောင်းနေတာ၊ မိုးစပါးပေါ်ချိန် ကုန်သည် လှောင်လက်တွေက ဝယ်ယူစုဆောင်းတာတွေ ရှိနေတာ၊ စစ်ကောင်စီက တပ်ရိက္ခာအတွက် ဝယ်ယူနေတာ၊ ပြည်ပကို ဆန်တင်ပို့မှု အားကောင်းနေတာ စတဲ့အချက်တွေကြောင့် ဖြစ်တယ်လို့ ဆန်စပါးလုပ်ငန်းရှင်တဦးက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ မိုးစပါးအသစ်ပေါ်ချိန်က စပါးတင်း ၁၀၀ ကို အမြင့်ဆုံး ကျပ် ၈ သိန်းကျော်သာ ရှိခဲ့ပေမဲ့ အခုနှစ် မိုးစပါးမှာတော့ တင်း ၁၀၀ ကို အမျိုးအစားအလိုက် ကျပ် ၁၂ သိန်းအထက်ကနေ အမြင့်ဆုံး ကျပ် ၁၄ သိန်းကျော်ထိ ရှိနေပါတယ်။ တနှစ်အတွင်း စပါးစျေး ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းထိ မြင့်တက်နေတာပါ။

ဧရာဝတီတိုင်းက စပါးစိုက်တောင်သူတဦးက “စပါးစျေးကတော့ ဒီနှစ် အကျမရှိဘူး။ တက်ပြီးရင်း တက်နေတာ။ အဝယ်လည်းရှိတယ်။ တက်မှလည်းဖြစ်မှာ၊ ဒီနှစ် စိုက်ပျိုးစရိတ် ကုန်ကျစရိတ်က များတယ်လေ။ ဧရာဝတီတိုင်းမှာတော့ လှောင်လက်တွေ တောက်လျှောက်ဝယ်နေတယ်” လို့ ပြောပါတယ်။

အခုလို စပါးစျေးရော၊ ဆန်စျေးပါ စံချိန်တင် စျေးမြင့်တက်နေပေမဲ့ တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အခုနှစ် မိုးစပါး စပါးတင်း ၁၀၀ ရဲ့ အခြေခံဈေးနှုန်းကို ကျပ် ၆၃၀,၀၀၀ သာ သတ်မှတ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ကထွက်ရှိတဲ့ မိုးစပါးကို အခြေခံရည်ညွှန်းစျေး ၅၄၀,၀၀၀ သာ သတ်မှတ်ခဲ့ပြီး အခုနှစ် မိုးစပါးမှာ ကျပ်တသိန်းဝန်းကျင် တိုးမြှင့်သတ်မှတ်ခဲ့ပေမဲ့ ဒီစျေးနှုန်းက လယ်သမားတွေအတွက် တွက်ခြေကိုက်တဲ့စျေး မဟုတ်ပါဘူး။

အခုနှစ် မိုးစပါးစိုက်ပျိုးချိန်မှာ သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေသြဇာ၊ မြေဆီ၊ ပိုးသတ်ဆေး၊ အပင်အားဆေး အစရှိတဲ့ သွင်းအားစုစျေးနှုန်းတွေ ကြီးမြင့်နေတာကြောင့် တောင်သူတွေဟာ စိုက်ပျိုးစရိတ်ငွေ ပိုကုန်ကျခဲ့ရပြီး အများစုက သွင်းအားစုကို လျှော့ချသုံးစွဲခဲ့ရတာဖြစ်လို့  အခုစပါးပေါ်ချိန်မှာ အထွက်နှုန်းကျဆင်းတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up