close

ဈေးဆိုင်

close

January 4, 2023

စွမ်းအင်ချွေတာနိုင်ရေး ကုန်တိုက်နှင့် ဈေးဆိုင်များ ည ၈ နာရီခွဲပိတ်ရန် ပါကစ္စတန်အစိုးရ ညွှန်ကြား

ပါကစ္စတန်နိုင်ငံမှာ တိုင်းပြည်စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် စွမ်းအင်ထိန်းသိမ်းရေး အစီအစဥ်သစ်ထဲက တခြားအစီအမံတွေကြားထဲမှာ ကုန်တိုက်တွေနဲ့ ဈေးဆိုင်တွေအားလုံးကို ည ၈ နာရီခွဲမှာ ပိတ်ကြဖို့ ပါကစ္စတန်အစိုးရက အမိန့်ထုတ်လိုက်ကြောင်း ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အာဆစ်ဖ်က ဇန်နဝါရီ ၃ ရက်မှာ ပြောပါတယ်။

ပါကစ္စတန်ရဲ့ အရန်နိုင်ငံခြားငွေဟာ သွင်းကုန်ရဲ့ ၁ လတန်ကြေးကို ကာမိရုံသာရှိပြီး အများစုက ပြည်ပမှ စွမ်းအင်ဝယ်ယူမှုနဲ့ တွက်ချက်တာဖြစ်ပါတယ်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အစီအစဉ်အရ မျှော်မှန်းထားတဲ့ ရန်ပုံငွေတွေကလည်း နှောင့်နှေးနေတာပါ။

စားသောက်ဆိုင်တွေ အပါအဝင် ဈေးတွေကို ပိတ်ဖို့ အစိုးရအဖွဲ့က အတည်ပြုထားတဲ့ အစီအမံတွေဟာ ငွေသားပိတ်နေတဲ့နိုင်ငံကို ပါကစ္စတန်ရူပီး ၆၂ ဘီလီယံ (ဒေါ်လာ ၂၇၃ သန်း) ကယ်တင်နိုင်ဖို့ ရည်ရွယ်တာဖြစ်ကြောင်း ခါဝါဂျာ အာဆစ်ဖ်က သတင်းထောက်တွေကို ပြောပါတယ်။

မင်္ဂလာဆောင်ခန်းမတွေကိုလည်း နေ့စဉ် ည ၁၀ နာရီမှာ ပိတ်ထားဖို့ အပါအဝင် နောက်ဆက်တွဲ လက်ငင်းအစီအမံတွေကိုလည်း ပြောပါတယ်။

တချို့ စျေးကွက်ကိုယ်စားလှယ်တွေက အချိန်ပိုပေးဖို့ တွန်းအားပေးခဲ့ပေမဲ့ အစိုးရက စောစောပိတ်ဖို့ လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့တာလို့ သူက ဆိုပါတယ်။

ဒါပေမဲ့လည်း ကုန်သည်တွေဟာ သူတို့ရဲ့လုပ်ငန်းတွေကို ထိခိုက်ပျက်ပြားစေမယ်ဆိုပြီး လိုက်နာမှုကို ငြင်းဆန်ခဲ့ကြပြီး သူတို့ဆိုင်တွေကို အစ္စလာမာဘတ်မြို့တော်မှာ ည ၁၀ နာရီခွဲအထိ ဖွင့်လှစ်ခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ် မြို့တော် လာဟိုးနဲ့ ဆင်းန်ဒ်ပြည်နယ်မြို့တော် ကရာချိတို့မှာလည်း စျေးတွေကို ညဥ့်နက်တဲ့အထိ ဖွင့်ထားကြပါတယ်။

ဝန်ကြီးချုပ် ရှယ်ဘာ့ဇ် ရှရိဖ်က အစိုးရဌာနအားလုံးကို လျှပ်စစ်သုံးစွဲမှု ၃၀ ရာခိုင်နှုန်းလျှော့ချဖို့ အမိန့်ပေးခဲ့ကြောင်း အာဆစ်ဖှ်က ပြောပါတယ်။

စွမ်းအင်ထိန်းသိမ်းမှု အစီအစဉ်မှာ စွမ်းအင်မသက်သာတဲ့ မီးသီးတွေနဲ့ ပန်ကာတွေ ထုတ်လုပ်တာကို ဖေဖော်ဝါရီလကနေ ဇူလိုင်လအထိ တားမြစ်တာလည်း ပါဝင်ကြောင်း အာဆစ်ဖာက ပြောပါတယ်။

နိုင်ငံတဝန်းရှိ လမ်းမီးတွေ ထက်ဝက်လောက်ကို စံပြလုပ်ဆောင်မှုအဖြစ် ဆက်ပိတ်ထားဦးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား အများစုဟာ မကြာသေးခင်လတွေအတွင်း ဈေးနှုန်းတွေ တဟုန်ထိုးတက်နေတဲ့ သဘာဝဓာတ်ငွေ့ရည် အပါအဝင် တင်သွင်းကုန် ရုပ်ကြွင်းလောင်စာတွေကို အသုံးပြုပြီး ထုတ်လုပ်နေတာပါ။

အစိုးရကတော့ သွင်းကုန်တွေနဲ့ ဆယ်စုနှစ်ချီ မြင့်တက်နေတဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းထားခြင်းဖြင့် စီးပွားရေးကို တည်ငြိမ်အောင် ကြိုးစားထားပါတယ်။

3 mins Ago

April 17, 2022

ဗထူးအားကစားကွင်း ဘေးပတ်လည်ရှိ ဈေးဆိုင်အားလုံးနီးပါး ဖျက်သိမ်း ပြောင်းရွှေ့ပေးရ

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားကွင်း ဘေးပတ်လည်ရှိ ဈေးဆိုင်ခန်းတွေ အားလုံးနီးပါး ဖျက်သိမ်း၊ ပြောင်းရွှေ့ပေးခဲ့ကြရတယ်လို့ ဆိုင်ခန်းရှင်တွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဈေးဆိုင်ခန်းတွေနဲ့ တိုက်ခန်းတွေမှာ နေထိုင်သူတွေကို ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက အပြီးသတ် ထွက်ခွာခိုင်းထားတာဖြစ်ပြီး ဖယ်မပေးသေးတဲ့ ဆိုင်ခန်းတွေနဲ့ တိုက်ခန်းတွေကို ရေ၊ မီး ဖြတ်တောက်တဲ့နည်းလမ်းတွေနဲ့ ဖိအားပေးခဲ့တာတွေကြောင့် ဧပြီ ၄ ရက်စပြီး ဖျက်သိမ်းပြောင်းရွှေ့ခဲ့ကြရတာလို့ ဆိုပါတယ်။

ဗထူးအားကစားကွင်း ပတ်ချာလည်မှာ ဆိုင်ခန်းနဲ့  လူနေတိုက်ခန်းပေါင်း ၁၃၀ ကျော်ရှိပြီး ၁ ခန်းကို ကာလပေါက်ဈေး သိန်း ၁ ထောင်လောက်အထိရှိပါတယ်။ 

အများစုဟာ နေထိုင်ခွင့်သက်တမ်း ၈ နှစ်ကျော် ကျန်နေသေးတာကြောင့်  ဗထူးကွင်းတိုက်တန်းမှာ နေထိုင်သူတွေစုပြီး အစားထိုးမြေပေးဖို့နဲ့ ဆက်လက်နေထိုင်ခွင့်ရဖို့ အယူခံအသနားခံစာတင်ခဲ့ကြပေမဲ့ စစ်ကောင်စီဘက်က ပယ်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းက  စစ်ကောင်စီရဲ့ စာတိုက်ကတဆင့် ပိုင်ရှင်တွေထံကို “နိုင်ငံတော်ရဲ့ လိုအပ်ချက်ကြောင့် မန္တလေးတိုင်းအတွင်း ဗထူးအားကစားကွင်းရှိ ဆိုင်ခန်း ၁၃၃ ခန်း၊ အောင်မြေမန္တလာအားကစားကွင်းရှိ ဆိုင်ခန်း ၉၅ ခန်းနှင့် ပြင်ဦးလွင်အားကစားကွင်းရှိ ဆိုင်ခန်း ၁၆၂ခ န်းတို့ကို မတ်လကုန်နောက်ဆုံး ဖယ်ရှားပေးရမယ်”လို့ အကြောင်းကြားစာတွေ ပေးပို့ခဲ့ပါတယ်။

အခုလို ဖယ်ရှားခိုင်းတာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီသလို ဘာမှ တာဝန်ယူပေးတာမျိုးလည်း မရှိဘူးလို့ အဲဒီဝန်းကျင်မှာ နှစ် ၂၀ ကျော် နေထိုင်လာတဲ့ အမျိုးသားတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ဘက်က တိုက်ရိုက်လာမပြောဘူး။ စာတိုက်ကတဆင့် အကြောင်းကြားစာပို့တယ်။ ကျနော်တို့မှာ နေထိုင်ခွင့်သက်တမ်းက ၈ နှစ်လောက် ကျန်နေသေးတယ်။ ဒါကို အခု ဖယ်ရှားခိုင်းတာ လုပ်ထုံးလုပ်နည်းနဲ့လည်း မညီဘူး။ ဥပဒေအရဆို ဒီလိုဖယ်ခိုင်းရင် နေရာတခုခု စီစဉ်ပေးတာ၊ လျော်ကြေးပေးတာတွေကို နိုင်ငံတော်က လုပ်ပေးရမှာကို၊ အခုကြ ဘာမှ တာဝန်ယူပေးတာမျိုးကို မရှိဘူး။"

အခုဖယ်ရှားပေးနေရသည့် အားကစားဌာန လက်အောက်ရှိဆိုင်ခန်းတွေဟာ နေထိုင်ခွင့် စာချုပ်သက်တမ်း ၈ နှစ် နဲ့အထက် ကျန်ရှိနေပြီး ယခင်ရောင်းချခဲ့တုန်းက စာချုပ်ပါသဘောတူချက် အပိုဒ် (၁၆) မှာ “နိုင်ငံတော်က လိုအပ်၍ တောင်းဆိုလာလျှင် ဖယ်ရှားပေးရမည်ဖြစ်ပြီး မြေနေရာအစားထိုးပေးမည်” လို့ ဖော်ပြထားခဲ့တာကြောင့် နစ်နာသူမိသားစုတွေဟာ လျော်ကြေးရရှိဖို့ မျှော်လင့်နေကြပါတယ်။

ဒေသခံအမျိုးသမီးတဦးက “ကျမတို့ ဒီကာလမှာ ကုန်ဈေးနှုန်းတွေ တက်လာတာတွေရော၊ နိုင်ငံရေးကြောင့် စီးပွားရေး မကောင်းတာကြောင့်ရော စားဝတ်နေရေးကို မနည်းရုန်းကန်နေရတာ။ အခုလို ဗြုန်းစားကြီး ဒီလကုန် အပြီးဖယ်ပေးဖို့ ပြောလာတော့ ဘယ်လိုလုပ်ရမလဲတောင် မသိဘူး။ ပင်စင်လစာနဲ့ စားနေရတာမို့ အိမ်ငှားခပေးဖို့တောင် မတတ်နိုင်တော့ဘူး” လို့ ပြောပါတယ်။

မန္တလေးမြို့မှာ အကွက်အကွင်းကျတဲ့ အဲဒီနေရာကို စစ်ကောင်စီက မျက်စိကျလို့ ဖယ်ရှားခိုင်းတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆကြပေမဲ့ စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ ဗထူးအားကစားကွင်း မျက်နှာစာက ဆိုင်ခန်းတွေက ကွယ်နေတာကြောင့် အားကစားကွင်းကိုတောင် မမြင်ရေတာ့ဘူး၊ အချက်အချာကြတဲ့ အားကစားကွင်းကို သေချာ ရှင်းရှင်းလင်းလင်း မြင်ရဖို့လိုတယ်၊ အခုက ဗထူးအားကစားကွင်းဆိုရင် ဘယ်ရှာရမလဲ မသိအောင် အထိကို အခြေအနေဆိုးနေတာ၊ ဗထူးကွင်းဆိုတာနဲ့ ဈေးဆိုင်တွေပဲ ပြေးမြင်နေတာကြောင့် ဖယ်ရှားခိုင်းတာလို့ သုံးသပ်ကြပါတယ်။

9 months Ago
Up