close

စွမ်းအင်ချွေတာနိုင်ရေး ကုန်တိုက်နှင့် ဈေးဆိုင်များ ည ၈ နာရီခွဲပိတ်ရန် ပါကစ္စတန်အစိုးရ ညွှန်ကြား

ပါကစ္စတန်နိုင်ငံမှာ တိုင်းပြည်စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် စွမ်းအင်ထိန်းသိမ်းရေး အစီအစဥ်သစ်ထဲက တခြားအစီအမံတွေကြားထဲမှာ ကုန်တိုက်တွေနဲ့ ဈေးဆိုင်တွေအားလုံးကို ည ၈ နာရီခွဲမှာ ပိတ်ကြဖို့ ပါကစ္စတန်အစိုးရက အမိန့်ထုတ်လိုက်ကြောင်း ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အာဆစ်ဖ်က ဇန်နဝါရီ ၃ ရက်မှာ ပြောပါတယ်။

ပါကစ္စတန်ရဲ့ အရန်နိုင်ငံခြားငွေဟာ သွင်းကုန်ရဲ့ ၁ လတန်ကြေးကို ကာမိရုံသာရှိပြီး အများစုက ပြည်ပမှ စွမ်းအင်ဝယ်ယူမှုနဲ့ တွက်ချက်တာဖြစ်ပါတယ်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အစီအစဉ်အရ မျှော်မှန်းထားတဲ့ ရန်ပုံငွေတွေကလည်း နှောင့်နှေးနေတာပါ။

စားသောက်ဆိုင်တွေ အပါအဝင် ဈေးတွေကို ပိတ်ဖို့ အစိုးရအဖွဲ့က အတည်ပြုထားတဲ့ အစီအမံတွေဟာ ငွေသားပိတ်နေတဲ့နိုင်ငံကို ပါကစ္စတန်ရူပီး ၆၂ ဘီလီယံ (ဒေါ်လာ ၂၇၃ သန်း) ကယ်တင်နိုင်ဖို့ ရည်ရွယ်တာဖြစ်ကြောင်း ခါဝါဂျာ အာဆစ်ဖ်က သတင်းထောက်တွေကို ပြောပါတယ်။

မင်္ဂလာဆောင်ခန်းမတွေကိုလည်း နေ့စဉ် ည ၁၀ နာရီမှာ ပိတ်ထားဖို့ အပါအဝင် နောက်ဆက်တွဲ လက်ငင်းအစီအမံတွေကိုလည်း ပြောပါတယ်။

တချို့ စျေးကွက်ကိုယ်စားလှယ်တွေက အချိန်ပိုပေးဖို့ တွန်းအားပေးခဲ့ပေမဲ့ အစိုးရက စောစောပိတ်ဖို့ လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့တာလို့ သူက ဆိုပါတယ်။

ဒါပေမဲ့လည်း ကုန်သည်တွေဟာ သူတို့ရဲ့လုပ်ငန်းတွေကို ထိခိုက်ပျက်ပြားစေမယ်ဆိုပြီး လိုက်နာမှုကို ငြင်းဆန်ခဲ့ကြပြီး သူတို့ဆိုင်တွေကို အစ္စလာမာဘတ်မြို့တော်မှာ ည ၁၀ နာရီခွဲအထိ ဖွင့်လှစ်ခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ် မြို့တော် လာဟိုးနဲ့ ဆင်းန်ဒ်ပြည်နယ်မြို့တော် ကရာချိတို့မှာလည်း စျေးတွေကို ညဥ့်နက်တဲ့အထိ ဖွင့်ထားကြပါတယ်။

ဝန်ကြီးချုပ် ရှယ်ဘာ့ဇ် ရှရိဖ်က အစိုးရဌာနအားလုံးကို လျှပ်စစ်သုံးစွဲမှု ၃၀ ရာခိုင်နှုန်းလျှော့ချဖို့ အမိန့်ပေးခဲ့ကြောင်း အာဆစ်ဖှ်က ပြောပါတယ်။

စွမ်းအင်ထိန်းသိမ်းမှု အစီအစဉ်မှာ စွမ်းအင်မသက်သာတဲ့ မီးသီးတွေနဲ့ ပန်ကာတွေ ထုတ်လုပ်တာကို ဖေဖော်ဝါရီလကနေ ဇူလိုင်လအထိ တားမြစ်တာလည်း ပါဝင်ကြောင်း အာဆစ်ဖာက ပြောပါတယ်။

နိုင်ငံတဝန်းရှိ လမ်းမီးတွေ ထက်ဝက်လောက်ကို စံပြလုပ်ဆောင်မှုအဖြစ် ဆက်ပိတ်ထားဦးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား အများစုဟာ မကြာသေးခင်လတွေအတွင်း ဈေးနှုန်းတွေ တဟုန်ထိုးတက်နေတဲ့ သဘာဝဓာတ်ငွေ့ရည် အပါအဝင် တင်သွင်းကုန် ရုပ်ကြွင်းလောင်စာတွေကို အသုံးပြုပြီး ထုတ်လုပ်နေတာပါ။

အစိုးရကတော့ သွင်းကုန်တွေနဲ့ ဆယ်စုနှစ်ချီ မြင့်တက်နေတဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းထားခြင်းဖြင့် စီးပွားရေးကို တည်ငြိမ်အောင် ကြိုးစားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up