close

ညွန့်ပေါင်းအစိုးရ

close

December 23, 2022

ဖီဂျီတွင် ပါတီ ၃ ခုပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့မည်

တောင်ပစိဖိတ်ဒေသရှိ ဖီဂျီနိုင်ငံမှာ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲအပြီး သက်တမ်းရှည် ဝန်ကြီးချုပ် ဖရန့်ခ် ဘီအိုင်နင်မားရာမာရဲ့ ဖီဂျီပထမပါတီကို ဖယ်ရှားပြီးနောက် ဖီဂျီနိုင်ငံရဲ့ အစိုးရအဖွဲ့သစ်ကို ဖွဲ့ဖို့ ပါတီ ၃ ခု ပေါင်းစည်းခဲ့ရာမှာ ပထမဆုံးအကြိမ် ခေါင်းဆောင်အသစ်ကို ရွေးချယ်ဖို့ ရှိနေပါတယ်။

ဆိုရှယ်ဒီမိုကရက်တစ် လစ်ဘရယ်ပါတီ (SODELPA)၊ စီတီဗန်နီ ရာဘူကာရဲ့ ပြည်သူ့မဟာမိတ်ပါတီ (PA) နဲ့ အမျိုးသားဖက်ဒရေးရှင်းပါတီ (NFP) တို့ဟာ ညွန့်ပေါင်းဖွဲ့ဖို့ ဆုံးဖြတ်ထားကြောင်း ပါလီမန်မှာ နေရာ ၃ ခု ရထားတဲ့ SODELPA က ဒီဇင်ဘာ ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပခဲ့တဲ့ အမျိုးသားရွေးကောက်ပွဲအပြီးမှာ ဝန်ကြီးချုပ်ဟောင်း ဘီအိုင်နင် မားရာမာနဲ့ ပြည်သူ့မဟာမိတ်ပါတီတို့ ၂ ရက်ကြာ ဆွေးနွေးညှိနှိုင်းပြီးနောက် ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ညွန့်ပေါင်းအစိုးရသစ်ဟာ ပါလီမန်မှာ ၂၉ နေရာ ရရှိမှာဖြစ်ပြီး ဖီဂျီ ပထမပါတီက ၂၆ နေရာ ရရှိမယ်လို့ FBC ရုပ်မြင်သံကြား အသံလွှင့်ဌာနက ဆိုပါတယ်။

ဖီဂျန်လူမျိုးတွေဟာ မြို့တော်ဆူဗာရဲ့ လမ်းမတွေပေါ်ကို ချီတက်ပြီး “ဝန်ကြီးချုပ်သစ်” လို့ ကြွေးကြော်အော်ဟစ် အားပေးကာ မီးရှူးမီးပန်းတွေ ပစ်လွှတ်ခဲ့ကြပါတယ်။

ပြည်သူ့မဟာမိတ်ပါတီခေါင်းဆောင် စီတီဗန်နီရာဘူကာက သူ့အသက် ၇၄ နှစ်မှာ ဒီတိုင်းပြည်ကြီးကို ထပ်ပြီး ဦးဆောင်ခွင့်ပေးတဲ့ ဘုရားသခင်နဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောသွားပါတယ်။

9 mins Ago

April 21, 2020

အစ္စရေး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် သဘောတူ

အစ္စရေးနိုင်ငံရဲ့ တနှစ်ကြာ နိုင်ငံရေးအကျပ်အတည်းကို အဆုံးသတ်စေမယ့်  ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့အတွက် ဝန်ကြီးချုပ် နေတန်ညာဟုနဲ့ နိုင်ငံရေးပြိုင်ဘက် ဘန်နီဂါ့ဇ်တို့  ဧပြီ ၂၀ ရက်မှာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး လက်မှတ်ရေးထိုးလိုက်ပြီဆိုတဲ့ ပူးတွဲကြေညာချက်ကို  နေတန်ညာဟုရဲ့ လီကွတ်ပါတီနဲ့ ဂါ့ဇ်ရဲ့ အပြာနဲ့အဖြူပါတီတို့က ထုတ်ပြန်ခဲ့ကြပါတယ်။  ပြီးခဲ့တဲ့ ၂၀၁၉ စက်တင်ဘာ၊ မတ်လ ၂ ရက်နဲ့ ဧပြီလ  ရွေးကောက်ပွဲတွေမှာ ဘယ်ပါတီကမှ ပါလီမန်အတွင်း မဲအများစုမရ ဖြစ်ခဲ့ပြီးနောက်မှာ အခုလို ညွန့်ပေါင်းအစိုးရ ဖွဲ့လိုက်တာ ဖြစ်ပါတယ်။‌ အာဏာခွဲဝေရေး တရားဝင် အသေးစိတ်အချက်အလက်တွေကို လောလောဆယ် မရနိုင်သေးပေမယ့်  ဘန်နီဂါ့ဇ် အာဏာလွှဲပြောင်းမယူမီ ကာလတခုအထိ ဝန်ကြီးချုပ် နေရာမှာ နေတန်ညာဟု ဆက်ရှိဖို့ နှစ်ဖက်စလုံးက သဘောတူထားတယ်လို့ သတင်းရင်းမြစ်တခုက ဆိုပါတယ်။ ဝန်ကြီးချုပ် နေရာကို ၁၈ လတာ အလှည့်ကျ နေရာယူသွားမယ်လို့လည်း အစ္စရေး မီဒီယာက ရေးပါတယ်။ အစ္စရေးနိုင်ငံကို ပြီးခဲ့တဲ့တနှစ်လုံးလုံး နေတန်ညာဟု ဦးဆောင်တဲ့ အိမ်စောင့်အစိုးရက အုပ်ချုပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် နေတန်ညာဟုဟာ အကျင့်ပျက် ခြစားမှု စွဲချက်တွေကို ရင်ဆိုင်နေရပြီး သူက အဲဒီစွဲချက်တွေကို ငြင်းဆိုထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up