ဘရာဇီးလ်နိုင်ငံ၊ ဘိုအာဗစ္စ်တာမြို့ရှိ ဆန်တိုအန်တိုနီယို ကလေးဆေးရုံ (HCSA) မှာ အဟာရချို့တဲ့မှုနဲ့ တခြားရောဂါတွေကို ခံစားနေရတဲ့ ယာနိုမာမီလူမျိုးစုရဲ့ ကလေးလူနာတွေနဲ့ သူတို့မိဘတွေဟာ လာရောက်ကုသခံနေကြလို့ ဆေးရုံမှာ နေရာအပြည့်ဖြစ်နေပါတယ်။
အမေဇုန်မိုးသစ်တောထဲက ဌာနေတိုင်းရင်းသား ယာနိုမာမီ ကလေးလူနာတွေဟာ ဝမ်းလျှောခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အဆုတ်အအေးမိခြင်းနဲ့ ငှက်ဖျားရောဂါတွေကို ဆန်တို အန်တိုနီယို ကလေးဆေးရုံမှာ ကုသခံနေရကြောင်း မြို့တော်အာဏာပိုင်တွေက ဇန်နဝါရီ ၂၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အာဟာရချို့တဲ့မှုနဲ့ ရွှေတူးဖော်မှုကနေ ဖြစ်လာတဲ့ တခြားရောဂါတွေကြောင့် ကလေးငယ်တွေ သေဆုံးနေရတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့အပတ်က နိုင်ငံရဲ့အကြီးဆုံး ဌာနေတိုင်းရင်းသားတွေနေထိုင်ရာ ယာနိုမာမီနယ်မြေမှာ ဆေးဘက်ဆိုင်ရာ အရေးပေါ် အခြေအနေကို ကြေညာခဲ့ပါတယ်။
ရော်ရေးမားပြည်နယ်က တခုတည်းသော ကလေးဆေးရုံဖြစ်တဲ့ HCSA ကလေးဆေးရုံမှာ ယာနိုမာမီ ကလေးငယ် ၄၅ ဦးကို ဆေးရုံတင်ထားရပြီး သူတို့ထဲက ၈ ဦးကို အထူးကြပ်မတ် ကုသဆောင်မှာ ထားရှိ ကုသထားရကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူတို့ရဲ့ အကူအညီ တောင်းဆိုချက်တွေကို လျစ်လျူရှုထားကြောင်း ယာနိုမာမီ ခေါင်းဆောင်တွေ က ပြောကြားခဲ့ပါတယ်။ တရားရေးဝန်ကြီး ဖလာဗရိုဒီနိုဟာ “လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အထောက်အထား” ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဇန်နဝါရီ ၂၃ ရက် တနင်္လာနေ့က ပြောပါတယ်။
သမ္မတဟောင်း ဂျိုင်ရ် ဘော်လ်ဆိုနာရိုရဲ့ သမ္မတသက်တမ်း လေးနှစ်အတွင်းမှာ အဓိကအားဖြင့် အာဟာရချို့တဲ့ခြင်းလို ကုသလို့ရတဲ့ ရောဂါတွေအပြင် ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ မြစ်တွေထဲမှာ ပြဒါးကြောင့်ဖြစ်တဲ့ ပုံပျက်ပန်းပျက်ရောဂါတွေကြောင့် သေဆုံးကြရတဲ့ ကလေးငယ်ပေါင်း ၅၇၀ လောက် ရှိကြောင်း အမေဇုန် သတင်းပလက်ဖောင်း Sumauma မှာ အချက်အလက်တွေနဲ့ ကိုးကားဖော်ပြခဲ့ပါတယ်။
ဘော်လ်ဆိုနာရိုရဲ့ အစိုးရဟာ ရွှေတွင်းလုပ်သားတွေကို ဖယ်ရှားဖို့ ဘရာဇီးတရားရုံးချုပ်ရဲ့ အမိန့်ကို လုံးဝ မလိုက်နာခဲ့ပါဘူး။
ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့မှာကျင်းပတဲ့ ဇီဝမျိုးကွဲဆိုင်ရာ ထိပ်သီးအစည်းအဝေး COP15 မှာ ဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုး မိန့်ခွန်းပြောနေချိန် ဌာနေတိုင်းရင်းသားတွေဟာ ဒီဇင်ဘာ ၆ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
ဝန်ကြီးချုပ်မိန်ခွန်းအတွင်း ဌာနေတိုင်းရင်းသားတွေနဲ့ မဟာမိတ်တွေက ဗုံတွေတီးခတ်ရင်း “Ecocide လို့ခေါ်တဲ့ ဌာနေတိုင်းရင်းသား မျိုးတုံးသတ်ဖြတ်မှု၊ ဇီဝမျိုးကွဲ ကယ်တင်ရေး အတွက် ငါတို့ပိုင်နက်ကျူးကျော်မှု ရပ်တန့်” ဆိုတဲ့ စာတန်းတွေနဲ့ လွှင့်ထူ ဆန္ဒပြခဲ့ကြတာပါ။
မွန်ထရီရယ်ရဲတပ်ဖွဲ့ဟာ မြို့လယ်ခေါင်က ထိပ်သီးအစည်းအဝေးကျင်းပရာနေရာရဲ့ ပတ်လည် ၁၀ ပေလောက်မှာ ခြံစည်းရိုးကို ချထားပါတယ်။
မွန်ထရီရယ်ရဲ့ လမ်းတွေပေါ်မှာ သဘာဝကို ကာကွယ်ရေးအတွက် ခိုင်မာတဲ့ သဘောတူညီချက်ကို တောင်းဆိုဖို့ စုရုံးရောက်ရှိလာမယ့် ဆန္ဒပြသူ ကျောင်းသား ထောင်ပေါင်းများစွာအတွက်လည်း ပြင်ဆင်နေပါတယ်။
COP15 အစည်းအဝေးဟာ သဘာဝဆိုင်ရာဆုံးရှုံးမှု ရပ်တန့်ရေးအတွက် ရည်ရွယ်တဲ့ ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးတရပ်ပါ။
နိုင်ငံပေါင်း ၂၀၀ နီးပါးက ကိုယ်စားလှယ်တွေဟာ ကမ္ဘာပေါ်မှာ ရုန်းကန်နေရတဲ့ မျိုးစိတ်တွေနဲ့ အလျှင်အမြန် ပျောက်ကွယ်လာနေတဲ့ တောရိုင်းနေရာတွေကို ကာကွယ်ဖို့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် အသစ်တခုအနေနဲ့ ၂ ပတ်ကြာ အကျေအလည် ဆွေးနွေးမှာလည်း ဖြစ်ပါတယ်။
အထူးသဖြင့် အင်းဆက်တွေနဲ့ မျိုးစိတ်ပေါင်း ၁ သန်းကျော်လောက်ဟာ မျိုးတုံးပျောက်ကွယ်နိုင်မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး နှစ်ပေါင်း ၁၀ သန်းအတွင်း လုံးဝမတွေ့နိုင်တော့မယ့် ကွယ်ပျောက်မှုနှုန်းအထိ ရှိနေတာပါ။
ကမ္ဘာ့ကုန်းမြေမျက်နာပြင်ရဲ့ ၄၀ ရာခိုင်နှုန်းကလည်း ပျက်စီးနေပြီလို့ ယူဆနိုင်ကြောင်း ၂၀၂၀ ပြည့်နှစ် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ကုန်းမြေအလားအလာ အကဲဖြတ်မှုစစ်တမ်းအရ သိရပါတယ်။
ဆွေးနွေးညှိနှိုင်းသူတွေဟာ လက်ရှိအချိန်ကနေ ၂၀၃၀ ပြည့်နှစ်အထိ တိရစ္ဆာန်တွေ၊ အပင်တွေ ပိုမိုကောင်းမွန်တဲ့ ဂေဟစနစ်တခုအတွက် သေချာစေမယ့် သဘောတူညီမှုတခုကို ဒီထိပ်သီးအစည်းအဝေးကနေ ရရှိဖို့ မျှော်လင့်နေတာပါ။
ဒီတိုးတက်မှုတွေကို ဘယ်လိုလိုက်နာဆောင်ရွက်မယ် ဆိုတာကိုတော့ ကုလသမဂ္ဂ ဇီဝမျိုးကွဲဆိုင်ရာ သဘောတူစာချုပ် (CBD) အောက်မှာရှိတဲ့ ၁၉၆ နိုင်ငံက အစိုးရအားလုံးက သဘောတူဖို့ လိုအပ်ပါတယ်။
ကနေဒါဝန်ကြီးချုပ် ထရူးဒိုးဟာ ဒီထိပ်သီးအစည်းအဝေးကို တက်ရောက်မယ့် ကမ္ဘာ့ခေါင်းဆောင်တွေထဲက တဦးဖြစ်ပေမဲ့ အစည်းအဝေးကို တခြားကမ္ဘာ့ခေါင်းဆောင် အတော်များများ မတက်ရောက်ကြပါဘူး။ ဒါကြောင့် ရည်မှန်းထားတဲ့ သဘောတူညီမှုတွေ ရရှိဖို့ ပိုမိုခက်ခဲစေတယ်လို့ စေ့စပ်ညှိနှိုင်းသူတွေက ဆိုပါတယ်။