close

ဘရာဇီးတွင် ဌာနေတိုင်းရင်းသားကလေးငယ်များ အဟာရချို့တဲ့မှုကြောင့် ဆေးကုသခံနေရ

ဘရာဇီးလ်နိုင်ငံ၊ ဘိုအာဗစ္စ်တာမြို့ရှိ ဆန်တိုအန်တိုနီယို ကလေးဆေးရုံ (HCSA) မှာ အဟာရချို့တဲ့မှုနဲ့ တခြားရောဂါတွေကို ခံစားနေရတဲ့ ယာနိုမာမီလူမျိုးစုရဲ့ ကလေးလူနာတွေနဲ့ သူတို့မိဘတွေဟာ လာရောက်ကုသခံနေကြလို့ ဆေးရုံမှာ နေရာအပြည့်ဖြစ်နေပါတယ်။

အမေဇုန်မိုးသစ်တောထဲက ဌာနေတိုင်းရင်းသား ယာနိုမာမီ ကလေးလူနာတွေဟာ ဝမ်းလျှောခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အဆုတ်အအေးမိခြင်းနဲ့ ငှက်ဖျားရောဂါတွေကို ဆန်တို အန်တိုနီယို ကလေးဆေးရုံမှာ ကုသခံနေရကြောင်း မြို့တော်အာဏာပိုင်တွေက ဇန်နဝါရီ ၂၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အာဟာရချို့တဲ့မှုနဲ့ ရွှေတူးဖော်မှုကနေ ဖြစ်လာတဲ့ တခြားရောဂါတွေကြောင့် ကလေးငယ်တွေ သေဆုံးနေရတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့အပတ်က နိုင်ငံရဲ့အကြီးဆုံး ဌာနေတိုင်းရင်းသားတွေနေထိုင်ရာ ယာနိုမာမီနယ်မြေမှာ ဆေးဘက်ဆိုင်ရာ အရေးပေါ် အခြေအနေကို ကြေညာခဲ့ပါတယ်။

ရော်ရေးမားပြည်နယ်က တခုတည်းသော ကလေးဆေးရုံဖြစ်တဲ့ HCSA ကလေးဆေးရုံမှာ ယာနိုမာမီ ကလေးငယ် ၄၅ ဦးကို ဆေးရုံတင်ထားရပြီး သူတို့ထဲက ၈ ဦးကို အထူးကြပ်မတ် ကုသဆောင်မှာ ထားရှိ ကုသထားရကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

သူတို့ရဲ့ အကူအညီ တောင်းဆိုချက်တွေကို လျစ်လျူရှုထားကြောင်း ယာနိုမာမီ ခေါင်းဆောင်တွေ က ပြောကြားခဲ့ပါတယ်။  တရားရေးဝန်ကြီး ဖလာဗရိုဒီနိုဟာ “လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အထောက်အထား” ကို စုံစမ်းစစ်ဆေးနေတယ်လို့  ဇန်နဝါရီ ၂၃ ရက် တနင်္လာနေ့က ပြောပါတယ်။ 

သမ္မတဟောင်း ဂျိုင်ရ် ဘော်လ်ဆိုနာရိုရဲ့ သမ္မတသက်တမ်း လေးနှစ်အတွင်းမှာ အဓိကအားဖြင့် အာဟာရချို့တဲ့ခြင်းလို ကုသလို့ရတဲ့ ရောဂါတွေအပြင် ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ မြစ်တွေထဲမှာ ပြဒါးကြောင့်ဖြစ်တဲ့ ပုံပျက်ပန်းပျက်ရောဂါတွေကြောင့် သေဆုံးကြရတဲ့ ကလေးငယ်ပေါင်း ၅၇၀ လောက် ရှိကြောင်း အမေဇုန် သတင်းပလက်ဖောင်း Sumauma မှာ အချက်အလက်တွေနဲ့ ကိုးကားဖော်ပြခဲ့ပါတယ်။ 

ဘော်လ်ဆိုနာရိုရဲ့ အစိုးရဟာ ရွှေတွင်းလုပ်သားတွေကို ဖယ်ရှားဖို့ ဘရာဇီးတရားရုံးချုပ်ရဲ့ အမိန့်ကို လုံးဝ မလိုက်နာခဲ့ပါဘူး။  

Up