ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်တပ်တို့ ဆက်တိုက်ဆင်နွှဲမယ့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို ဧပြီ ၁၁ ရက်မှာ စတင်လိုက်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။
ဘာလီကာတန် ၂၀၂၃ လို့ နာမည်ပေးထားတဲ့ ၁၈ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဖိလစ်ပိုင်- အမေရိကန် တပ်ဖွဲ့ဝင် ၅,၀၀၀ ကျော်နဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၁၂,၀၀၀ ကျော် ပါဝင်ပြီး ဆယ်စုနှစ်တွေ အတွင်း အကြီးမားဆုံး ဖိလစ်ပိုင်-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်လာပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ သြစတြေးလျ တပ်ဖွဲ့ဝင် အယောက် ၁၀၀ လောက်လည်း ပါမှာဖြစ်ပြီး ဂျပန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံပေါင်း တဒါဇင်လောက်က လေ့လာသူအဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုတွေကို ဆန့်ကျင်ကန့်ကွက်ဖို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ ဆင်ခြေဖုံး ကွီဇုံမြို့က ဖိလစ်ပိုင် စစ်တပ်ဌာနချုပ် (AFP) ရှေ့မှာ ရာချီတဲ့တက်ကြွလှုပ်ရှားသူတွေ ဧပြီ ၁၁ ရက်က စုဝေးခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက စစ်ရေးလေ့ကျင့်မှုကို ရှုတ်ချကြပြီး အာရှမှာ အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုကို ဆန့်ကျင်ဖို့ ဖိလစ်ပိုင်နိုင်ငံသားတွေကို တိုက်တွန်းခဲ့ပါတယ်။
"အမေရိကန်တပ်တွေ အခုပဲ ထွက်သွား"လို့ ရေးသားတောင်းဆိုတဲ့ စာတန်းတွေ၊ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ထားပါတယ်။
ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (EDCA) အရ အမေရိကန်တပ်ဖွဲ့ဝင်တွေသုံးမယ့် နိုင်ငံအတွင်း စစ်အခြေစိုက် စခန်းအသစ် လေးခု ဖွင့်လှစ်ခြင်းကိုလည်း ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
လက်ဝဲဖိလစ်ပိုင်အဖွဲ့အစည်းဖြစ်တဲ့ ဘာဂွန်အာလီယန်ဆန် မာကာဘာယန်ရဲ့ အငယ်တန်း အထွေထွေအတွင်းရေးမှူး ရေနာတို ရေးယက်စ်က "စစ်ရေးလေ့ကျင့်မှုနဲ့ စစ်အင်အားပြပွဲတွေဟာ အာရှမှာ အမေရိကန်ရဲ့ အင်အားကို ဖော်ဆောင်ဖို့ ရည်ရွယ်တာပါ။ ဖိလစ်ပိုင်ကို ခုခံကာကွယ်ဖို့ ရည်ရွယ်တာမဟုတ်ပါဘူး။ ဖိလစ်ပိုင်ကို ခေတ်မီအောင်ကူညီဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ စွမ်းအားကိုပြသဖို့ ရည်ရွယ်တာဖြစ်ပြီး စစ်ပွဲအတွက် ပြင်ဆင်မှုတစ်ခုပါ”လို့ ပြောပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရှုတ်ချဖို့ တက်ကြွလှုပ်ရှားသူတွေဟာ မနီလာမြို့က အမေရိကန်သံရုံးရှေ့မှာ ထပ်ဆန္ဒပြခဲ့ကြပြီး သံရုံးတံဆိပ်ကို သုတ်ဆေးဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြ ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ဘင်္ဂလားဒေ့ရှ် မျိုးချစ်ပါတီ (BNP) က တက်ကြွလှုပ်ရှားသူတွေနဲ့ ရဲတွေကြား ဒီဇင်ဘာ ၇ ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
ပါတီဗဟိုရုံးရှေ့မှာ စုဝေးနေတဲ့ တက်ကြွလှုပ်ရှားသူတွေကို ရဲအရာရှိတွေက လူစုခွဲဖို့ ကြိုးပမ်းခဲ့တာပါ။
ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း အမျိုးသားတဦး သေဆုံးပြီး တခြားလူတွေ ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ရာဘာကျည်ဆန်တွေနဲ့ မျက်ရည်ယိုဗုံးတွေသုံးပြီး ဆန္ဒပြသူတွေကို လူစုခွဲခဲ့တယ်လို့လည်း ဆိုပါတယ်။
လမ်းမတွေပေါ်မှာ ကြွေးကြော်သံတွေ ကြွေးကြော်နေတဲ့ တက်ကြွလှုပ်ရှားသူတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
“သူတို့ကိုတွန်းလှန်ဖို့ ကျနော်တို့ ကြိုးစားခဲ့ပေမဲ့ သူတို့ လက်နက်ကိုင်ထားတာကြောင့် မအောင်မြင်ဘဲ ထောက်ခံသူတွေ အများအပြား ဒဏ်ရာရခဲ့ပါတယ်။ သူတို့က ကျည်ဆန်တွေနဲ့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်” လို့ BNP ပါတီ တက်ကြွလှုပ်ရှားသူ အာဖရိုဇာ ခါနမ်က ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်မှာ မြို့တော် ဒါကာမှာလုပ်ဖို့ စီစဉ်ထားတဲ့ BNP လူထုစုဝေးပွဲမတိုင်မီ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာလို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။