close

တက်ကြွလှုပ်ရှားသူ

close

August 3, 2022

ထိုင်ဝမ်တက်ကြွလှုပ်ရှားသူများနှင့် ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံ

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီဟာ ထိုင်ဝမ်မှာ ထင်ရှားတဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ အများအပြားကို သြဂုတ် ၃ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။

နယူးထိုင်ပေမြို့က ရှင်းဒီယံမှာရှိတဲ့ အမျိုးသားလူ့အခွင့်အရေးပြတိုက်မှာ ပေလိုစီ တွေ့ဆုံခဲ့သူတွေထဲမှာ ၂၀၁၉ ခုနှစ်က ထိုင်ဝမ်ကို ထွက်ပြေးခဲ့တဲ့ ဟောင်ကောင်စာအုပ်ရောင်းသူ လမ်ဝင်းခီ၊ တီယန်နန်မင်ရင်ပြင် အရေးအခင်း အတိုက်အခံဟောင်း ဝုအော် ခိုက်ရှီနဲ့ မလွတ်မြောက်မီ တရုတ်နိုင်ငံမှာ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရတဲ့ ထိုင်ဝမ်တက်ကြွလှုပ်ရှားသူ လီမင်ဂ်ချယ်တို့ ပါပါတယ်။

တရုတ်နိုင်ငံက ပေလိုစီရဲ့ ထိုင်ဝမ် ဒီမိုကရက်တစ်ကျွန်းစုဆီ လာရောက်လည်ပတ်တဲ့ ခရီးစဉ်ကို ရှုတ်ချခဲ့ပါတယ်။

တရုတ်ပြည်မကြီးအစိုးရကလည်း ထိုင်ဝမ်ကျွန်းနားမှာ ဗုဒ္ဓဟူးနေ့က စစ်ရေးလေ့ကျင့် တုံ့ပြန်ခဲ့ပြီး တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ်က တီယန်နန်မင်ရင်ပြင်နဲ့ အနီးတဝိုက်မှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေအပေါ် နှိမ်နင်းမှုနဲ့ တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်က ဝီဂါ မွတ်စလင်တွေအပေါ် ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး အသက် ၈၂ နှစ်အရွယ် ပေလိုစီက ဝေဖန်ပြစ်တင်ခဲ့လို့  တရုတ်ပြည်မကြီးအစိုးရက ဒေါသထွက်ခဲ့ပါတယ်။

6 mins Ago

ဟုမ္မလင်းမြို့က တက်ကြွလှုပ်ရှားသူ ၁ ဦးအား စစ်ကောင်စီဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၊ နောင်ပါးကျစ်ရပ်ကွက်မှာ နေထိုင်တဲ့ လူထုဆန္ဒဖော်ထုတ်ပွဲ၊ ဆန္ဒပြပွဲသပိတ် ဦးဆောင်သူ ကိုကျော်ဝင်းစိန်ကို ဩဂုတ် ၁ ရက်က ကျန်းမာရေးအတွက် မန္တလေးမြို့ရှိ ဆေးခန်းတခုမှာ ဆေးကုသမှုခံယူဖို့ စောင့်ဆိုင်းနေချိန် ရဲတပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဩဂုတ် ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

“မန္တလေးကနေ ဟုမ္မလင်းကို ဒီနေ့လေယာဉ်နဲ့ ပို့ဆောင်ခဲ့ပြီး ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ အတိအကျ မသိရပါဘူး” လို့ ဟုမ္မလင်းမြို့နယ် ပအဖအဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။

ရှမ်းနီလူငယ်တဦးဖြစ်တဲ့ ကိုကျော်ဝင်းစိန် မတရားဖမ်းဆီးချုပ်နှောင်ခံရတာကို ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို ညှဉ်းပန်းနှိပ်စက်တာတွေ ပြုလုပ်ခဲ့ရင် ပြုလုပ်သူတွေ တာဝန်ခံရမယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ရေးသားဖော်ပြထားပါတယ်။

အမည်မဖော်လိုသူ မြို့ခံတဦးက “တက်ကြွလှုပ်ရှားသူ လူငယ်တဦးမို့ နှမျောပြီး စိတ်မကောင်းဖြစ်ရတယ်။ ဟုမ္မလင်းမြို့ပေါ်မှာ မတရားမှုမှန်သမျှ ရှေ့ကနေ ဦးဆောင်နေသူမို့ သူ့အတွက် စိုးရိမ်မိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုဖမ်းဆီးခံရတဲ့ ကိုကျော်ဝင်းစိန်ဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၄ ရက်က ဟုမ္မလင်းမြို့ နေအိမ်အတွင်း ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ CDM ကျောင်းဆရာမ မမေနှင်းရဲ့ ခဲအိုဖြစ်ပြီး မိဘတွေပိုင်ဆိုင်တဲ့ နေအိမ်နဲ့ ဇော် နာရီဆိုင်ကိုလည်း အကြမ်းဖက်စစ်ကောင်စီက ချိပ်ပိတ်ထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

6 hours Ago

July 26, 2022

ဖိလစ်ပိုင်တွင် တက်ကြွလှုပ်ရှားသူထောင်ချီ ဆန္ဒပြ

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ ပထမဆုံးနိုင်ငံတော် အခြေပြမိန့်ခွန်း ဟောပြောမယ့်နေ့ မတိုင်မီ ထောင်နှင့်ချီတဲ့ ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူတွေ မနီလာမြို့တော်ရဲ့ လမ်းမတွေပေါ်မှာ ဇူလိုင် ၂၅ ရက်က ချီတက်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အလုပ်လက်မဲ့ ဦးရေ မြင့်တက်မှု၊ ငွေကြေးဖောင်းပွမှုနဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေး မူဝါဒစတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အုပ်ချုပ်ရေးအသစ်အတွက် တောင်းဆိုတဲ့ ဆိုင်းဘုတ် အမျိုးမျိုးကို ကိုင်ဆောင် ချီတက်ဆန္ဒပြခဲ့ကြတာပါ။

“ကျနော်တို့ နိုင်ငံသားတွေဟာ မားကို့စ် အာဏာရှင်စနစ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေရဲ့ အမွေအနှစ်တွေကို မမေ့လျော့ကြပါဘူး။ အထူးသဖြင့် အခုအချိန်မှာတော့ မားကို့စ် ဂျူနိယာက အဲဒါကို ဖျောက်ဖျက်လို့ မရသလို မားကို့စ်တွေဟာ နိုင်ငံအပေါ် သူတို့ရဲ့ အပြစ်တွေအားလုံးကို တာဝန်ယူဖို့ လိုအပ်ပါတယ်” လို့ တက်ကြွလှုပ်ရှားသူ ရေနာတို ရေးယပ်စ် ဂျူနိယာက ပြောပါတယ်။

မားကို့စ် ဂျူနီယာဟာ နိုင်ငံရဲ့ စီးပွားရေးပြန် နာလန်ထူရေး အစီအစဉ်၊ ကပ်ရောဂါ တုံ့ပြန်မှုနဲ့ အခြားပြဿနာတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို သူ့ရဲ့ ပထမဆုံးနိုင်ငံတော် အခြေအနေပြ မိန့်ခွန်းအတွင်း ဇူလိုင် ၂၅ ရက်နှောင်းပိုင်းမှာ ပြောမှာပါ။ 

ဖခင်ဖြစ်သူ အာဏာရှင်မားကို့စ်စီနီယာရဲ့ အတိုက်အခံ ထောင်ပေါင်းများစွာဟာ ထောင်သွင်း အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်း ဒါမှမဟုတ် ပျောက်သွားအောင် လုပ်တာတွေ ခံခဲ့ရတာပါ။

မိသားစုနာမည်ဟာလည်း ခရိုနီဝါဒ၊ သုံးစွဲမှုတွေနဲ့ နိုင်ငံတော်ဘဏ္ဍာတွေ ဒေါ်လာဘီလီယံပေါင်း များစွာ ပျောက်ဆုံးသွားခြင်း စတာတွေနဲ့ အဓိပ္ပာယ်တူသွားပါတယ်။ မားကို့စ်မိသားစုကတော့ အလွဲသုံးစားလုပ်မှု စွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။

ဘောင်ဘောင်လို့ လူသိများတဲ့ အသက် ၆၄ နှစ်အရွယ် မားကို့စ် ဂျူနီယာဟာ သူ့ရဲ့ ဒုတိယသမ္မတ အဖြစ် သမ္မတဟောင်း ရိုဒရီဂို ဒူဒါတေရဲ့ သမီးဖြစ်သူ ဆာရာ ဒူဒါတေ ကာပီယိုနဲ့ အတူ  ၂၀၂၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

1 week Ago
Up