ဖိလစ်ပိုင်တွင် တက်ကြွလှုပ်ရှားသူထောင်ချီ ဆန္ဒပြ

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ ပထမဆုံးနိုင်ငံတော် အခြေပြမိန့်ခွန်း ဟောပြောမယ့်နေ့ မတိုင်မီ ထောင်နှင့်ချီတဲ့ ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူတွေ မနီလာမြို့တော်ရဲ့ လမ်းမတွေပေါ်မှာ ဇူလိုင် ၂၅ ရက်က ချီတက်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ အလုပ်လက်မဲ့ ဦးရေ မြင့်တက်မှု၊ ငွေကြေးဖောင်းပွမှုနဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေး မူဝါဒစတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အုပ်ချုပ်ရေးအသစ်အတွက် တောင်းဆိုတဲ့ ဆိုင်းဘုတ် အမျိုးမျိုးကို ကိုင်ဆောင် ချီတက်ဆန္ဒပြခဲ့ကြတာပါ။
“ကျနော်တို့ နိုင်ငံသားတွေဟာ မားကို့စ် အာဏာရှင်စနစ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေရဲ့ အမွေအနှစ်တွေကို မမေ့လျော့ကြပါဘူး။ အထူးသဖြင့် အခုအချိန်မှာတော့ မားကို့စ် ဂျူနိယာက အဲဒါကို ဖျောက်ဖျက်လို့ မရသလို မားကို့စ်တွေဟာ နိုင်ငံအပေါ် သူတို့ရဲ့ အပြစ်တွေအားလုံးကို တာဝန်ယူဖို့ လိုအပ်ပါတယ်” လို့ တက်ကြွလှုပ်ရှားသူ ရေနာတို ရေးယပ်စ် ဂျူနိယာက ပြောပါတယ်။
မားကို့စ် ဂျူနီယာဟာ နိုင်ငံရဲ့ စီးပွားရေးပြန် နာလန်ထူရေး အစီအစဉ်၊ ကပ်ရောဂါ တုံ့ပြန်မှုနဲ့ အခြားပြဿနာတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို သူ့ရဲ့ ပထမဆုံးနိုင်ငံတော် အခြေအနေပြ မိန့်ခွန်းအတွင်း ဇူလိုင် ၂၅ ရက်နှောင်းပိုင်းမှာ ပြောမှာပါ။
ဖခင်ဖြစ်သူ အာဏာရှင်မားကို့စ်စီနီယာရဲ့ အတိုက်အခံ ထောင်ပေါင်းများစွာဟာ ထောင်သွင်း အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်း ဒါမှမဟုတ် ပျောက်သွားအောင် လုပ်တာတွေ ခံခဲ့ရတာပါ။
မိသားစုနာမည်ဟာလည်း ခရိုနီဝါဒ၊ သုံးစွဲမှုတွေနဲ့ နိုင်ငံတော်ဘဏ္ဍာတွေ ဒေါ်လာဘီလီယံပေါင်း များစွာ ပျောက်ဆုံးသွားခြင်း စတာတွေနဲ့ အဓိပ္ပာယ်တူသွားပါတယ်။ မားကို့စ်မိသားစုကတော့ အလွဲသုံးစားလုပ်မှု စွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။
ဘောင်ဘောင်လို့ လူသိများတဲ့ အသက် ၆၄ နှစ်အရွယ် မားကို့စ် ဂျူနီယာဟာ သူ့ရဲ့ ဒုတိယသမ္မတ အဖြစ် သမ္မတဟောင်း ရိုဒရီဂို ဒူဒါတေရဲ့ သမီးဖြစ်သူ ဆာရာ ဒူဒါတေ ကာပီယိုနဲ့ အတူ ၂၀၂၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။