တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက အခုရက်ပိုင်းအတွင်း ပုဒ်မ ၂ ခုနဲ့ ထပ်ပြီးတရားစွဲဆိုလိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) ကနေ သိရပါတယ်။
ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ဖောက်ဖျက်တာ၊ ဘာသာရေး အကြောင်းပြ ဟောပြောတာတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀(က) နဲ့ ၂ ခါ အမှုဖွင့်ခံထားရတာလို့ ဆိုပါတယ်။
စစ်ကောင်စီက ဦးမြင့်မောင်ကို ဘာလို့ အခုလို ထပ်ပြီး ပုဒ်မတပ် တရားစွဲဆိုတာလဲ ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။
ထားဝယ်က နိုင်ငံရေးအကျဥ်းသားတွေကို ကူညီပေးနေသူတဦးကတော့ “ဦးမြင့်မောင်ကို နိုဝင်ဘာ ၁၁ ရက်က အပြီးသတ် အမိန့်ချတာ၊ နောက်ဆက်တွဲပုဒ်မက မရှိတော့ဘူး။ ဒါကို အခုမှ ကြံဖန်ပြီးထပ်စွဲတာ” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်ဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၄၀၉၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့နဲ့ တရားစွဲဆိုခံခဲ့ရပြီး ထားဝယ်ထောင်တွင်း တရားရုံးကနေ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံဖို့ အပြီးသတ် အမိန့်ချမှတ်ခဲ့တာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူနိုင်တယ် ဆိုတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) ဟာ ထောင်ဒဏ် ၃ နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပုဒ်မ ၁၃၀(က) နဲ့ အမှုဖွင့် တရားစွဲဆိုခံခဲ့ရသူတွေအထဲ သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့လည်း ပါဝင်ပါတယ်။
အန်အယ်လ်ဒီ အစိုးရလက်ထက် တနင်္သာရီတိုင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးလည်း ဖြစ်ခဲ့သူ ဦးမြင့်မောင်ဟာ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အဂတိမှုတွေနဲ့ တာဝန်ကနေ ရပ်စဲခံရပြီးနောက် ၂၀၁၉ မတ်လအတွင်းကမှ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူတွေက DVB ကို အတည်ပြုပါတယ်။
ဝန်ကြီးချုပ် ဦးမြင့်မောင်ကို နိုဝင်ဘာ ၁၁ ရက်နေ့က ထားဝယ်အကျဉ်းထောင်ထဲ အထူးတရားရုံးမှာ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့တာပါ။
ဒါ့အပြင် တာဝန်ယူစဉ် ကာလအတွင်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို စနစ်တကျ သုံးစွဲတာ မရှိလို့ ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၀၉ နဲ့ ထောင်ဒဏ် ၇ နှစ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဒီအမိန့်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဘက်က အယူခံဝင်ဖို့ ရှိ မရှိကို မသိရသေးဘူလို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဝန်ကြီးချုပ် ဦးမြင့်မောင်ဟာ စစ်တပ် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဝန်ကြီးများ အိမ်ရာမှာ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံခဲ့ရပါတယ်။
အဲဒီနောက်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီက လာရောက်ဖမ်ဆီးသွားပြီး ပုဒ်မ ၃ ခုနဲ့ အမှုဖွင့် အရေးယူခံလိုက်ရတာ ဖြစ်ပါတယ်။