close

ထောင် ၁၁ နှစ် ကျနေသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြင့်မောင်ကို စစ်ကောင်စီက တရားထပ်စွဲ

တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့  တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက အခုရက်ပိုင်းအတွင်း ပုဒ်မ ၂ ခုနဲ့ ထပ်ပြီးတရားစွဲဆိုလိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) ကနေ သိရပါတယ်။

ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ဖောက်ဖျက်တာ၊ ဘာသာရေး အကြောင်းပြ ဟောပြောတာတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀(က) နဲ့ ၂ ခါ အမှုဖွင့်ခံထားရတာလို့ ဆိုပါတယ်။

စစ်ကောင်စီက ဦးမြင့်မောင်ကို ဘာလို့ အခုလို ထပ်ပြီး ပုဒ်မတပ် တရားစွဲဆိုတာလဲ ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။

ထားဝယ်က နိုင်ငံရေးအကျဥ်းသားတွေကို ကူညီပေးနေသူတဦးကတော့ “ဦးမြင့်မောင်ကို နိုဝင်ဘာ ၁၁ ရက်က အပြီးသတ် အမိန့်ချတာ၊ နောက်ဆက်တွဲပုဒ်မက မရှိတော့ဘူး။ ဒါကို အခုမှ ကြံဖန်ပြီးထပ်စွဲတာ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်ဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၄၀၉၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့နဲ့ တရားစွဲဆိုခံခဲ့ရပြီး ထားဝယ်ထောင်တွင်း တရားရုံးကနေ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံဖို့ အပြီးသတ် အမိန့်ချမှတ်ခဲ့တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူနိုင်တယ် ဆိုတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) ဟာ ထောင်ဒဏ် ၃ နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်​အာဏာသိမ်းပြီးနောက် ပုဒ်မ ၁၃၀(က) နဲ့ အမှုဖွင့် တရားစွဲဆိုခံခဲ့ရသူတွေအထဲ သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့လည်း ပါဝင်ပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက် တနင်္သာရီတိုင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးလည်း ဖြစ်ခဲ့သူ ဦးမြင့်မောင်ဟာ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အဂတိမှုတွေနဲ့ တာဝန်ကနေ ရပ်စဲခံရပြီးနောက် ၂၀၁၉ မတ်လအတွင်းကမှ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up