တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းနဲ့ ကျွဲထိန်းကုန်းရွာနားက စစ်တပ်ပိုင် ရာဘာခြံထဲက ရာဘာစေးပြားတွေကို မတ် ၅ ရက်မနက်ပိုင်းက သွားရောက် မီးရှို့ခဲ့တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။
မနက် ၅ နာရီလောက်မှာ ခလရ ၅၆၁ တပ်ရင်းပိုင် ရာဘာခြံက ရာဘာစေးပြားတွေကို တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မြိတ်ခရိုင်တပ်ရင်း ၂ တို့ ပူးပေါင်း မီးရှို့ခဲ့တာဖြစ်ပြီး ခြံအလုပ်သမားတွေကိုလည်း အလုပ်ကနေ အပြီးထွက်သွားဖို့တိုက်တွန်းခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။
"ဒီရာဘာခြံကရတဲ့အကျိုးအမြတ်တွေက စစ်တပ်ဆီကို စီးဆင်းနေတာပါ။ ဒီတော့ စစ်တပ်ကို ထောက်ပံ့မှုပေးနေတာလို့ပြောလို့ရတယ်။ မရှိလို့ လုပ်စားတာလို့ပဲ ပြောပြော စစ်တပ် ဒေါက်တိုင်အဖြစ် အလုပ်လုပ်ပေးနေတာကြောင့် အလုပ်သမားတွေကို မောင်းထုတ်လိုက်တယ်”
အဲဒီခြံကရတဲ့အကျိုးအမြတ်ကို ခလရ ၅၆၁ နဲ့ ခြံအလုပ်သမားတွေ တဝက်စီခွဲယူကြတယ်လို့ သိရပါတယ်။
အရင်ကလည်း တနင်္သာရီမြို့နယ်မှာ စစ်တပ်နဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေ ဝယ်ယူ မသုံးစွဲဖို့ ဒေသကာကွယ်ရေးတပ်တွေက အမိန့်ထုတ်တားမြစ်ထားပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ထဲက တနင်္သာရီမြို့နားမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဇန်နဝါရီ ၂၃ ရက်ကနေ ၂၅ ရက်အထိ တိုက်ပွဲဖြစ်ပွားရာ လူပေါင်း ၃,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ စစ်ရှောင်ပြည်သူတွေက မရင်းကြီး၊ ဘန်းလမွတ်၊ ရမ်းဖို၊ ညောင်ပင်ကုန်း၊ ဗောဓိကမ်း၊ ဥယျာဉ်ကမ်း၊ တနင်္သာရီမြို့အောက်ကင်း၊ မော်တုန်း၊ ပနပ်ငယ်၊ ကမ်းတို၊ ထုံနွယ်နဲ့ စတိန်သောင် စတဲ့ရွာသားတွေဖြစ်ပြီး နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရကာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းတွေ အရေးပေါ် လိုအပ်နေတာလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က စစ်ရှောင်ပြည်သူတွေ စစ်ရှောင်နေတဲ့ ဥယျာဉ်တွေ အပါအဝင် ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ပြည်သူတွေရဲ့နေအိမ် ၂ လုံး မီးလောင်ပြီး အသက် ၈၈ နှစ်ကျော် အဘွားအိုတဦးနဲ့ အသက် ၉ နှစ်အရွယ် ကလေးတဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တနင်္သာရီမြို့နယ်အတွင်း ဇန်နဝါရီ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ အမြောက်တပ် ၃၀၆ တပ်ရင်း၊ တနင်္သာရီတံတား စစ်ဆေးရေးဂိတ်၊ တနင်္သာရီ စရဖရုံး၊ လဝကဦစီးအရာရှိနေအဆောင်၊ ဗောဓိကမ်းတံတား နေရာတွေကို ဝင်ရောက်တိုက်ခိုက်တာအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အခုတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားတယ်လို့ မြေပြင်မှာ ရောက်ရှိနေတဲ့ ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တယောက်က ပြောပေမဲ့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။