close

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၃,၀၀၀ ကျော် တိမ်းရှောင်နေရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ထဲက တနင်္သာရီမြို့နားမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဇန်နဝါရီ ၂၃ ရက်ကနေ ၂၅ ရက်အထိ တိုက်ပွဲဖြစ်ပွားရာ လူပေါင်း ၃,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ စစ်ရှောင်ပြည်သူတွေက မရင်းကြီး၊ ဘန်းလမွတ်၊ ရမ်းဖို၊ ညောင်ပင်ကုန်း၊ ဗောဓိကမ်း၊ ဥယျာဉ်ကမ်း၊ တနင်္သာရီမြို့အောက်ကင်း၊ မော်တုန်း၊ ပနပ်ငယ်၊ ကမ်းတို၊ ထုံနွယ်နဲ့ စတိန်သောင် စတဲ့ရွာသားတွေဖြစ်ပြီး နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရကာ  စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းတွေ အရေးပေါ် လိုအပ်နေတာလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ရှောင်ပြည်သူတွေ စစ်ရှောင်နေတဲ့ ဥယျာဉ်တွေ အပါအဝင် ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ပြည်သူတွေရဲ့နေအိမ် ၂ လုံး မီးလောင်ပြီး အသက် ၈၈ နှစ်ကျော် အဘွားအိုတဦးနဲ့ အသက် ၉ နှစ်အရွယ် ကလေးတဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီမြို့နယ်အတွင်း ဇန်နဝါရီ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ အမြောက်တပ် ၃၀၆ တပ်ရင်း၊ တနင်္သာရီတံတား စစ်ဆေးရေးဂိတ်၊ တနင်္သာရီ စရဖရုံး၊ လဝကဦစီးအရာရှိနေအဆောင်၊ ဗောဓိကမ်းတံတား နေရာတွေကို ဝင်ရောက်တိုက်ခိုက်တာအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အခုတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားတယ်လို့ မြေပြင်မှာ ရောက်ရှိနေတဲ့ ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တယောက်က ပြောပေမဲ့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up