စစ်အကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ထန်းကုန်းကြီးရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူတွေရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေဟာ ဒီဇင်ဘာ ၁၀ ရက်ညက ခရုတောရွာမှာ ညအိပ်ခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ပေချောင်ရွာကို မီးရှို့ခဲ့ကြပါတယ်။
ကျေးရွာတွေကို မီးရှို့တာဟာ တပ်မ(၃၃)လက်အောက်ခံ ခမရ ၃၆၁ နဲ့ ခမရ ၃၆၉ တပ်တို့ဖြစ်ပြီး ကန့်ဘလူနဲ့ တန့်ဆည်က ပျူစောထီးတွေလည်း ပါဝင်တယ်လို့ ဒေသတွေက ဆိုပါတယ်။
"မနေ့က ပေချောင်ရွာ မီးရှို့တယ်။ အခု ထန်းကုန်းကြီးရွာ မီးရှို့နေတယ်။ ခွေးတွေ မနေ့ညက ထန်းကုန်းကြီးရွာညအိပ်တယ်။ ခွေးတွေက ရွာကပြန်ထွက်ရင် မီးရှို့ပြီးမှ ထွက်တာ" လို့ ဒေသခံတယောက်က ပြောပါတယ်။
ပေချောင်ရွာဟာ ဒုတိယအကြိမ် မီးရှို့ခံရတာဖြစ်ပြီး အိမ်ခြေ ၂၅၀ လောက်ရှိတဲ့အထဲက အခုတကြိမ်မှာ နေအိမ် ၄၃ လုံး၊ နွားခြံတဲ အလုံး ၂၀၊ မီးဖိုချောင်၂၈ လုံးနဲ့ စပါးတိုက် ၆ လုံး၊ စုစုပေါင်း ၉၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ထန်းကုန်းကြီးရွာမှာတော့ အိမ်ခြေဘယ်လောက်ပျက်စီးတယ်ဆိုတာ မသိရသေးဘဲ တန့်ဆည်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေနေတဲ့ ကျေးရွာပေါင်း ၇၀ ကျော်၊ အိမ်ခြေ ၂၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးထားပြီး ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ အောက်တိုဘာ ၁၉ ရက်နေ့က သပြေရင်းကျေးရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အင်အား ၁၀၀ ကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့ဟာ သပြေရင်းကျေးရွာကို တညအိပ် တပ်စွဲခဲ့ပြီး အောက်တိုဘာ ၁၉ ရက် မနက်ပိုင်း ကျေးရွာမှ ပြန်လည်ထွက်ခွာခါနီးမှာ နေအိမ် ၄ လုံးကို မီးရှို့သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
"လူနေအိမ်ကို မီးရှို့တာတင်မကပဲ နွား ၁ ကောင်ကိုပါ သတ်ဖြတ်ပြီး စားသောက်သွားကြတယ်။ စစ်ကြောင်းနှစ်ကြောင်းခွဲလာတာလို့ သိရတယ်။ နောက်ချန်စစ်ကြောင်းမှာ အကောင်ခပ်ကြီးကြီးပါလာတယ်လို့ သိရပါတယ်ဗျ။ သူတို့အဖွဲ့တွေ သပြေရင်းကနေထွက်သွားပြီး ရွာသစ်ကျေးရွာကိုလည်း ဝင်မွှေသွားသေးတယ်။"
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကိုင်းတပ်မ ၃၃ လက်အောက်ခံ ခမရ ၃၆၈ က ဖြစ်ပြီး နယ်မြေခံပျူစောထီးအဖွဲ့တွေလည်း ပါတယ်လို့ ဆိုပါတယ်။
အဲဒီနောက် သပြေရင်းကျေးရွာအတွင်း နေအိမ်မီးရှို့သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းဟာ မွန်းတည့် ၁၂ နာရီလောက် ကံကလေးကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာရာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တန့်ဆည် PDF ရဲဘော်တဦးက ပြောပါတယ်။
“မနက်က သပြေရင်းကို မီးရှို့သွားတဲ့ စကစတပ်က သစ်ရာပင်၊ ရွာသစ်ကျေးရွာဘက်ကိုလည်း သောင်းကျန်းသွားသေးတယ်။ အဲဒီကမှတဆင့် ကံကလေးကုန်းဘက် စစ်ကြောင်းထိုးဖို့လာတာကို ဖြတ်တိုက်တာပါ။ သူတို့ဘက်က ထိခိုက်ဒဏ်ရာရသူများပြီး အထိနာသွားတယ်။ ကျနော်တို့ အဖွဲ့တွေအားလုံး အထိခိုက်အကျဆုံးမရှိပါဘူး။”
အဲဒီတိုက်ပွဲမှာ တန့်ဆည် PDF ရွှေဘိုခရိုင် တပ်ရင်း ၆ နဲ့ တပ်ရင်း ၇ တို့မှ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် တန့်ဆည်မြို့နယ် ကံထူးမကျေးရွာရဲစခန်းကိုလည်း နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး စခန်းမှူး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တန့်ဆည်မြို့နယ်မှာ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ဝရငယ်ကျေးရွာအနောက်ဘက် မူးဘောင်တံတားအနီး ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့တွေက APK တိုက်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။