close

တန့်ဆည်မြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီတပ် မီးရှို့

စစ်အကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ထန်းကုန်းကြီးရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူတွေရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေဟာ ဒီဇင်ဘာ ၁၀ ရက်ညက ခရုတောရွာမှာ ညအိပ်ခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ပေချောင်ရွာကို မီးရှို့ခဲ့ကြပါတယ်။

ကျေးရွာတွေကို မီးရှို့တာဟာ တပ်မ(၃၃)လက်အောက်ခံ ခမရ ၃၆၁ နဲ့ ခမရ ၃၆၉ တပ်တို့ဖြစ်ပြီး ကန့်ဘလူနဲ့ တန့်ဆည်က ပျူစောထီးတွေလည်း ပါဝင်တယ်လို့ ဒေသတွေက ဆိုပါတယ်။

"မနေ့က ပေချောင်ရွာ မီးရှို့တယ်။ အခု ထန်းကုန်းကြီးရွာ မီးရှို့နေတယ်။ ခွေးတွေ မနေ့ညက ထန်းကုန်းကြီးရွာညအိပ်တယ်။ ခွေးတွေက ရွာကပြန်ထွက်ရင် မီးရှို့ပြီးမှ ထွက်တာ" လို့ ဒေသခံတယောက်က ပြောပါတယ်။

ပေချောင်ရွာဟာ ဒုတိယအကြိမ် မီးရှို့ခံရတာဖြစ်ပြီး အိမ်ခြေ ၂၅၀ လောက်ရှိတဲ့အထဲက အခုတကြိမ်မှာ နေအိမ် ၄၃ လုံး၊ နွားခြံတဲ အလုံး ၂၀၊ မီးဖိုချောင်၂၈ လုံးနဲ့ စပါးတိုက် ၆ လုံး၊ စုစုပေါင်း ၉၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ထန်းကုန်းကြီးရွာမှာတော့ အိမ်ခြေဘယ်လောက်ပျက်စီးတယ်ဆိုတာ မသိရသေးဘဲ တန့်ဆည်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေနေတဲ့ ကျေးရွာပေါင်း ၇၀ ကျော်၊ အိမ်ခြေ ၂၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးထားပြီး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up