တန်ဇန်းနီးယားနိုင်ငံမှာ ခရီးသည်တင်လေယာဉ်တစီး ဗစ်တိုးရီးယားရေကန်နားက လေဆိပ်တခုမှာ နိုဝင်ဘာ ၆ ရက်က ဆင်းသက်ဖို့ ကြိုးစားနေတုန်း ရေကန်ထဲ ပျက်ကျခဲ့တာကြောင့် လူ ၁၉ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တန်ဇန်းနီးယားဝန်ကြီးချုပ်နဲ့ လေကြောင်းလိုင်းတို့က ပြောပါတယ်။
ပရီစစ်ရှင်းအဲရ် လေကြောင်းလိုင်းက ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ် အမှတ် PW494 ဟာ မုန်တိုင်းကြောင့် မိုးသည်းထန်နေချိန်မှာ ရေပြင်ပေါ် ပျက်ကျခဲ့တာလို့ တန်ဇန်းနီးယား အသံလွှင့်ကော်ပိုရေးရှင်း (TBC) က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပိတ်မိနေတဲ့ ခရီးသည်တွေကို ကယ်ထုတ်ဖို့ လုံးဝနစ်မြုပ်လုနီးပါးဖြစ်နေတဲ့ အပျက်အစီးတွေဆီကို ကယ်ဆယ်ရေးသမားတွေက လှေတွေနဲ့ အမြန်ပြေးခဲ့ကြတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
“အလောင်း ၁၉ လောင်းကို ဆယ်လို့ရထားတယ်။ ဘယ်မှာရှိမှန်း မသိရသေးတဲ့ လူ ၂ ဦးရှိတယ်” လို့ ဝန်ကြီးချုပ် ကက်ဆင် မာဂျာလီဝါက လေယာဉ်ပျက်ကျတဲ့ ရေကန်ဘေးက ဘူကိုဘာမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတာကို စုံစမ်းရေးမှူးတွေက ရှာဖွေနေတယ်လို့ သူက ဆက်ပြောပါတယ်။
တန်ဇန်းနီးယားနိုင်ငံ၊ ဒါအဲ့စ်ဆာလမ်မြို့ရဲ့ သံတမန်ရပ်ကွက်မှာ သေနတ်သမား တစ်ယောက်က ပစ်ခတ်မှုကြောင့် သြဂုတ် ၂၅ ရက်က ရဲအရာရှိ ၃ ယောက်နဲ့ ပုဂ္ဂလိက လုံခြုံရေးအစောင့် တစ်ယောက် သေဆုံးခဲ့ပါတယ်။
အဲဒီနောက် သေနတ်သမားဟာ ပြင်သစ်သံရုံး ဝင်ပေါက်က အစောင့်တဲထဲမှာ ပုန်းအောင်းနေတုန်း အသေပစ်သတ် ခံခဲ့ရပါတယ်။
တိုက်ခိုက်သူဟာ သံတမန်ခရိုင်လမ်းဆုံမှာ ရဲအရာရှိ ၂ယောက်ကို ပစ္စတိုသေနတ်နဲ့ ပထမ ပစ်ခတ်ခဲ့တယ်။ အဲဒီနောက် ပြင်သစ်သံရုံးဆီကို ခြေကျင်ဦးတည် သွားခဲ့ပြီး ပစ်ခတ်ရင်း လုံခြုံရေးအစောင့်တဲကို သိမ်းပိုက်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
တိုက်ခိုက်သူကို ရှင်းလင်းခဲ့ပြီးအခြေအနေ ပြန်တည်ငြိမ်နေပြီလို့ သမ္မတ ဆာမီယာ ဆူလူဟူ ဟတ်ဆန်က တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ရေးပါတယ်။ လူ ၄ ယောက် အသတ်ခံရအပြီး လူ ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ စစ်ဆင်ရေးနဲ့ သင်တန်းဆိုင်ရာ ရဲကော်မရှင်နာမင်းကြီးက တွစ်တာလူမှုကွန်ရက်ပေါ်မှာရေးပါတယ်။
တိုက်ခိုက်သူ ဘယ်သူဆိုတာ ဖော်ထုတ်ဖို့ ရဲတွေက ကြိုးစားနေတယ်လို့ ရဲ စုံစမ်း စစ်ဆေးရေးမှူး ဆိုင်မွန်ဆာရိုက ဒေသခံရုပ်သံနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောပါတယ်။
သေနတ်သမားက တန်ဇန်းနီးယားနိုင်ငံသား ဟုတ်မဟုတ်နဲ့ အကြမ်းဖက်ဝါဒီတွေနဲ့ အဆက်အသွယ် ရှိ၊ မရှိ ပြောဖို့ စောလွန်းသေးတယ်လို့ ရဲအရာရှိ တယောက်က ပြောပါတယ်။
ဒါအဲ့စ်ဆာလမ်မြို့က ပြင်သစ်သံရုံးနဲ့ရော ပါရီက ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေနဲ့ပါ ဆက်သွယ်ပြီး မှတ်ချက်တောင်းဖို့ ချက်ချင်း လက်လှမ်းမမီသေးဘူးလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။