တန်ဇန်းနီးယားတွင် ခရီးသည်တင်လေယာဉ် ပျက်ကျပြီး ၁၉ ဦးထက်မနည်း သေဆုံး

တန်ဇန်းနီးယားနိုင်ငံမှာ ခရီးသည်တင်လေယာဉ်တစီး ဗစ်တိုးရီးယားရေကန်နားက လေဆိပ်တခုမှာ နိုဝင်ဘာ ၆ ရက်က ဆင်းသက်ဖို့ ကြိုးစားနေတုန်း ရေကန်ထဲ ပျက်ကျခဲ့တာကြောင့် လူ ၁၉ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တန်ဇန်းနီးယားဝန်ကြီးချုပ်နဲ့ လေကြောင်းလိုင်းတို့က ပြောပါတယ်။
ပရီစစ်ရှင်းအဲရ် လေကြောင်းလိုင်းက ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ် အမှတ် PW494 ဟာ မုန်တိုင်းကြောင့် မိုးသည်းထန်နေချိန်မှာ ရေပြင်ပေါ် ပျက်ကျခဲ့တာလို့ တန်ဇန်းနီးယား အသံလွှင့်ကော်ပိုရေးရှင်း (TBC) က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပိတ်မိနေတဲ့ ခရီးသည်တွေကို ကယ်ထုတ်ဖို့ လုံးဝနစ်မြုပ်လုနီးပါးဖြစ်နေတဲ့ အပျက်အစီးတွေဆီကို ကယ်ဆယ်ရေးသမားတွေက လှေတွေနဲ့ အမြန်ပြေးခဲ့ကြတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
“အလောင်း ၁၉ လောင်းကို ဆယ်လို့ရထားတယ်။ ဘယ်မှာရှိမှန်း မသိရသေးတဲ့ လူ ၂ ဦးရှိတယ်” လို့ ဝန်ကြီးချုပ် ကက်ဆင် မာဂျာလီဝါက လေယာဉ်ပျက်ကျတဲ့ ရေကန်ဘေးက ဘူကိုဘာမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတာကို စုံစမ်းရေးမှူးတွေက ရှာဖွေနေတယ်လို့ သူက ဆက်ပြောပါတယ်။