close

တနှစ်အတွင်း ဘတ်သန်း ၅၀၀ ကျော်

close

April 1, 2022

မယ်ဆိုင်မှ တာချီလိတ်သို့ မူးယစ်ဆေးရောင်းရငွေ တနှစ်အတွင်း ဘတ်သန်း ၅၀၀ ကျော် ငွေလွှဲခဲ့

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ကနေ မြန်ဘက်ဘက်ခြမ်း တာချီလိတ်ကို ပို့ပေးခဲ့တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုရရှိငွေပေါင်းမှာ တစ်နှစ်အတွင်း ဘတ်သန်းပေါင်း ၅၀၀ ကျော်တယ်လို့ ချင်းရိုင်းခရိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့က  ဧပြီလ ၁ ရက်  ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ချင်းရိုင်းခရိုင် မူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့၊ နယ်မြေခံရဲ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ စီမံချက်အရ ဒီကနေ့မနက်မှာ မယ်ဆိုင်မြို့ထဲရှိ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်နေတဲ့ နေရာကို  ၅ နေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ ဝိန်းဖန်းရပ်ကွက်ရှိ ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုဟာ မူးယစ်ဆေးဝါးကုန်သည်တွေ ငွေသားတွေကို ထိုင်းဘက်ကနေ တာချီ လိတ်ကို ပို့ဆောင်ပေးနေတာ သိရှိပြီး နောက်ကြောင်းပြန် စစ်ဆေးချက်အရ ၁ နှစ်အတွင်း ဘတ်သန်းပေါင်း ၅၀၀ ကျော် ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါငွေတွေကို ဘဏ်စာရင်းအငှါးဖွင့်ပေးသူ အမည်တွေနဲ့ပါ လွှဲပြောင်းခဲ့သလို ပစ္စည်းတွေဝယ်ယူပြီး ငွေမည်းကို ငွေဖြူအဖြစ် လုပ်ခဲ့တာတွေရှိကြောင်း ၊ ငွေသားသက်သက်မှာ ပို့ခအနေနဲ့ ဘတ်ငွေ ၁ သန်းကို ဝန်ဆောင်ခ ဘတ် ၃၀၀၀ ရခဲ့တယ်လို့ ကုမ္ပဏီက ဖွင့်ဟဝန်ခံထားပါတယ်။ 

ဒါ့အပြင် မနှစ် ဒီဇင်ဘာ ၁၀ ရက်က ချင်းရိုင်းမြို့ မီးပွိုင့်အနီး ကား ၁ စီးပေါ်မှာ စိတ်ကြွဆေးပြား ၁၂၀၀၀၀၀ ( တစ်သန်းကျော် ) ဖမ်းမိခဲ့တာနဲ့ပတ်သက်ပြီး ကွင်းဆက်တွေကို ဆက်လက်စုံစမ်းစစ်ဆေးချက်အရ ချင်းရိုင်းမြို့ မဲ့ယောင်းရပ်ကွက်ရှိ  အိမ်ဝင်းထဲက ဂိုဒေါင်တစ်လုံးကို ဝင်ရောက်စစ်ဆေးရာမှာ  ခုတင်အောက်မှာ အနက် ၃ မီတာတွင်းလုပ်ထားပြီး  မူးယစ်ဆေး ဝါးသိုလှောင်ရာအဖြစ်အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်မှောင်ခိုသမားတွေဟာ  မူးယစ်ဆေးတွေကို မြန်မာနယ်စပ်ကသယ်လာပြီး ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မဖြန့်ဖြူးခင် အဆိုပါနေရာမှာ သိုလှောင်ထားတယ်လို့ ဆိုပါတယ် ။

ဒါ့အပြင် တာဝန်ရှိသူတွေဟာ ချင်းမိုင် ၊ ချင်းရိုင်း၊ ဖရဲ့ ၊ နန့် ၊ တာ့ခ် ၊ ဖစ်ချဘွန်း၊ ဥထိုင်းဌာနီ၊ ချွန်းပူးရီး၊ နောင်ခိုင်၊ ဥဒွန်းဌာနီ၊ စကွန်းနခွန်း စတဲ့ခရိုင်ရှိ  နေရာပေါင်း ၅၇ နေရာမှာ မူးယစ်ဆေး ဝါးစစ်ဆင်ရေးစီမံချက်ဆောင်ရွက်ခဲ့ပြီး တရားခံ ၁၁ ဦးနဲ့ မူးယစ်ဆေးနဲ့ ပတ်သက်နေတဲ့ ဘတ်သန်းပေါင်း ၂၂၀ ကျော်ရှိ  ငွေသား ၊ ဘဏ်စာအုပ် ၊ တိုက်တာ၊ ခြံမြေ စတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား- Maesai Press

12 hours Ago
Up